အီရန် Nuclear အရေးနဲ့ ပတ်သက်လို့ အီရန်နိုင်ငံနဲ့ ရရှိခဲ့တဲ့သဘောတူညီချက်ကို အမေရိကန်လွှတ်တော်မှာ သုံးသပ်ဖို့အတွက် အိုဘားမား အစိုးရက
တနင်္ဂနွေနေ့မှာ လွှတ်တော်ကို ပေးပို့လိုက်ပါပြီ။ ဒီသဘောတူညီချက်ကို တနင်္လာနေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်မှာ သုံးသပ်မှာဖြစ်ပါတယ်၊
သဘောတူညီချက်ကို အတည်ပြုမလား ကန့်ကွက်မလားဆိုတာကို လွှတ်တော်အမတ်တွေ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး Republican အမတ်တချို့ကတော့ ကန့်ကွက်မယ်လို့ အခိုင်အမာပြောနေကြပါတယ်။
အီရန်နဲ့ သဘောတူညီချက်အပေါ် သံသယရှိနေကြတဲ့ Republican အမတ်တွေ ဦးဆောင်နေတဲ့ လွှတ်တော်ကနေ အတည်ပြုချက်ရအောင်လုပ်ဖို့က သမ္မတ Barack Obama အတွက် တကယ့်ကို စိန်ခေါ်မှုဖြစ်လိမ့်မယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Republican အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။
ဒီသဘောတူညီချက်က အီရန်ရဲ့ Nuclear အစီအစဉ်ကို တကယ်အဆုံးသပ်စေမှာထက် အီရန်ဖက်က လက်ခံနိုင်အောင် အကောင်းဆုံးညှိနှိုင်းထားတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ မစ္စတာ McConnell က ဝေဖန်ပါတယ်။ သမ္မတအိုဘားမားကတော့ အခုရရှိလိုက်တဲ့ သဘောတူညီမှုဟာ အီရန်က
Nuclear လက်နက်မထုတ်နိုင်ဖို့ ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အားထုတ်မှုတွေနဲ့ တားဆီးထားတာဖြစ်တယ်လို့ နိုင်ငံတော်ကို အပတ်စဉ်ပြောကြားတဲ့
မိန့်ခွန်းထဲမှာ ခုလို ပြောခဲ့ပါတယ်။
အခု သဘောတူညီမှုအရ အီရန်ရဲ့ Nuclear ဆိုင်ရာနဲ့ ပတ်သက်သမျှ ထုတ်လုပ်ဖြန့်ဖြူးမှုအဆင့်အားလုံးကို နိုင်ငံတကာ ကျွမ်းကျင်သူတွေက
စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ထည့်သွင်းထားတဲ့စိစစ်ရေးလုပ်ငန်းစဉ်တွေက ကျယ်ပြန့် ပြည့်စုံပြီး ထဲထဲဝင်ဝင်ရှိလှပါတယ်၊
အီရန်က ပေးထားတဲ့ကတိတွေအတိုင်း တကယ်တည်အောင် ကျနော်တို့က အသေအချာလုပ်နိုင်မှာဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက
အပတ်စဉ်မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။