သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ လောင်စာ စတင်ဖြည့်


အီရန်အနုမြူစွမ်းအငအေဂျင်စီ်အကြီးအကဲ Ali Akbar Salehi နဲ့ ရုရှ အနုမြူစွမ်းအင်အေဂျင်စီ်အကြီးအကဲ Kiriyenko၊ သြဂုတ်လ ၂၁ ရက်၊ ၂၀၁၀။
အီရန်အနုမြူစွမ်းအငအေဂျင်စီ်အကြီးအကဲ Ali Akbar Salehi နဲ့ ရုရှ အနုမြူစွမ်းအင်အေဂျင်စီ်အကြီးအကဲ Kiriyenko၊ သြဂုတ်လ ၂၁ ရက်၊ ၂၀၁၀။

အီရန်နိုင်ငံက အငြင်းပွားဖွယ် နျူကလီယားလုပ်ဆောင်မှုတွေကို တားမြစ်ပိတ်ပင်ဖို့ ကြိုးစားနေကြသူတွေအပေါ် နိုင်ငံရေးအရ အနိုင်ရပြီလို့ အီရန်အရာရှိတွေကြေငြာခဲ့တာနဲ့ တချိန်ထဲမှာပဲ အီရန်နိုင်ငံမှာ ပထမဆုံး နျူကလီယားစွမ်းအင်သုံးလည်ပတ်မယ့် ဓါတ်အားပေးစက်ရုံ အတွက် နျူကလီယားလောင်စာတွေကို စနေနေ့က အီရန်အင်ဂျင်နီယာတွေ စတင်ဖြည့်ဆည်းနေပြီဖြစ်ပါတယ်။

ရုရှားတွေရဲ့ အကူအညီနဲ့ ဆောက်လုပ်ခဲ့တဲ့ ဘွတ်ရှ်ရှီးယား (Bushehr) နျူကလီယားဓါတ်အားပေးစက်ရုံကို ရုရှားနိုင်ငံကနေ နျူကလီယား လောင်စာ ဖြည့်တင်းပေးတာဖြစ်ပါတယ်။ ဒီလိုလောင်စာဖြည့်မှုကို IAEA နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီက စစ်ဆေးရေးမှုးတွေ ရှေ့မှောက်မှာ ဆောင်ရွက်တာဖြစ်ပါတယ်။

နျူကလီယားစွမ်းအင်သုံး စက်ရုံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ဖိအားတွေပေး၊ စီးပွားရေးပိတ်ဆို့မှုတွေချပြီး ခက်ခက်ခဲခဲဖြစ်အောင် ဆောင်ရွက်နေချိန်မှာ အခုလို စက်ရုံလည်ပတ်နိုင်ဖို့ လောင်စာဖြည့်တင်းနိုင်မှုအတွက် အီရန်နျူကလီယားစွမ်းအင်ဆိုင်ရာ အကြီးအကဲ အလီ အက်ကဘာ ဆလေဟီ Ali Akbar Salehi က ကြိုဆိုလိုက်ပါတယ်။

ဒီ နျူကလီယားဓါတ်ပေါင်းဖိုလုပ်ဆောင်နေမှုဟာ ရုရှားနိုင်ငံရဲ့ ကြီးကြပ်မှုအောက်မှာ စီမံဆောင်ရွက်နေတာမို့ ဒါဟာ နျူကလီယားစွမ်းအင် ဆိုင်ရာ တားမြစ်မှုတွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိနိုင်မယ့် အနေထားမျိုးအဖြစ် အမေရိကန်နိုင်ငံက မသတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဒါဘီ ဟော်လဒေး Darby Holladay ကပြောပါတယ်။

ဂျေရူစလင်က အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီနျူကလီယားဓါတ်ပေါင်းဖို နဲ့ပတ်သက်ပြီး လုံးဝလက်ခံနိုင်စရာမရှိဖူးလို့ ပြောဆို လိုက်တဲ့အပြင် အီရန်နိုင်ငံကို သူ့ရဲ့ ယူရေနီယမ်သန့်စင်မှုတွေ ဆက်မလုပ်ပဲ ရပ်ဆိုင်းသွားစေဖို့ နိုင်ငံတကာက ဖိအားတွေ ပိုမိုပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံမှာ နျူကလီယားလက်နက်ရှိလာမယ်ဆိုရင် သူ့နိုင်ငံရပ်တည်မှုအတွက် ခြိမ်းခြောက်မှုတွေ ကြုံလာရနိုင်တယ်လို့ အစ္စရေးက ပြောပါတယ်။

XS
SM
MD
LG