သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA ကြီးကြပ်မှုကို အီရန် နှောင့်ယှက်


IAEA ကြီးကြပ်မှုကို အီရန် နှောင့်ယှက်

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာရေးကို အီရန်အစိုးရက အတားအဆီးတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပြောလိုက်ပါတယ်။

အီရန်အစိုးရက နျူကလီးယားလက်နက် ထုတ်ဖို့ လုပ်နေတာ ဟုတ် မဟုတ် အဆုံးအဖြတ် ပေးနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေကို မှတ်တမ်း အချက်အလက်တွေ ပြဖို့ ငြင်းဆန်တာ၊ သွားကြည့်ဖို့လိုတဲ့ နေရာတွေကို ပေးမသွားတာတွေ လုပ်နေတယ်လို့ IAEA က ပြောပါတယ်။

မစ်ဆိုင်း (Missile) ဒုံးလက်နက်မှာ တပ်ဆင်မယ့် နျူကလီးယား ထိပ်ဖူးတခု ထုတ်လုပ်မှု အပါအဝင် အသိမပေးဘဲ လုပ်နေနိုင်တဲ့ နျူကလီးယားဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အီရန်အစိုးရက လွန်ခဲ့တဲ့ ၂ နှစ်လုံး ဖြေဆိုဖို့ ငြင်းဆန်ခဲ့တယ်လို့ IAEA က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေ ဟိုးအရင်ကတည်းက တောင်းဆိုတဲ့ အချက်တွေကို အီရန်က လိုက်နာဖို့ ပျက်ကွက်ခဲ့သလို သက်ဆိုင်သူတွေ တွေ့ဆုံဖို့ ချိန်းဆိုမှုတွေကို အီရန်အစိုးရဘက်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့တဲ့အတွက် IAEA ရဲ့ လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်တယ်လို့ ပြောပါတယ်။

ဇွန်လတုန်းကလည်း ကုလသမဂ္ဂရဲ့ နျူကလီးယားဆိုင်ရာ ဝါရင့် စုံစမ်းစစ်ဆေးသူ ၂ ယောက်ကို သူတို့ရဲ့ ပြောကြားမှုတွေဟာ အမှားတွေ ဖြစ်တယ်လို့ အီရန်က ပြောပြီး ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့တာပါ။ အီရန်ရဲ့ စွပ်စွဲချက်ကို IAEA က ပယ်ချပါတယ်။

အီရန်က IAEA စုံစမ်းစစ်ဆေးသူတွေကို အနှောင့်အယှက်ပေးတယ်၊ ရွေးချယ်တားမြစ်တယ် ဆိုတာကို IAEA ဆိုင်ရာ အီရန်သံတမန်က ငြင်းဆန်ပြီး ဒီအစီရင်ခံစာဟာ မမျှတဘူးလို့ ပြောကြားခဲ့ပါတယ်။

အခု အစီရင်ခံစာဟာ စိုးရိမ်စရာဖြစ်ပြီး အီရန်မှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ဆက်ပြီး ကြိုးစားနေတယ် ဆိုတာ ပြသနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။

XS
SM
MD
LG