လာမယ့် နိုဝင်ဘာလအလယ် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး P5+1 လို့ ခေါ်ဆိုကြတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံ၊ အဲဒီ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ရဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်မယ့် ကိစ္စကို ကြိုဆိုကြောင်း အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) က ဒီနေ့ ပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံ မြောက်ဘက်က အာဒီးဘီးလ်မြို့ကို ရောက်ရှိနေတဲ့ အီရန်သမ္မတက အနောက်နိုင်ငံတွေမှာ အီရန်နဲ့ တွေ့ဆုံဆွေးနွေးရေးက လွဲရင် တခြား ရွေးစရာလမ်း မရှိဘူးလို့ ပြောဆိုခဲ့ပြီး နျူကလီးယားဆိုင်ရာ နိုင်ငံတကာက ရရှိနေတဲ့ အခွင့်အရေးတွေအတိုင်း အီရန်က ရရှိဖို့ကိစ္စ အတွက်တော့ ဒီဆွေးနွေးပွဲမှာ အီရန်က အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း မစ္စတာ အမာဒီနီဂျက်ဒ်က ဆိုပါတယ်။
အခုလို ဗီယင်နာမှာ နိုဝင်ဘာလ ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်ဖို့ကို ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ မစ်စ် ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က ပြီးခဲ့တဲ့ သီတင်းပတ်က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ယူရေနီယံ သန့်စင်နေတာတွေကို ရပ်ဆိုင်းခြင်း မရှိဘဲ ဆက်လုပ်နေတာကြောင့် ကုလသမဂ္ဂက အီရန်အပေါ် အရေးယူ ပိတ်ဆို့ ဒဏ်ခတ်တာတွေ စတုတ္ထအကျော့ လုပ်ဆောင်ထားပြီး တခြားနိုင်ငံ အများအပြားကလည်း မိမိတို့အစီအစဉ်နဲ့ မိမိ အီရန်ကို ပိတ်ဆို့ အရေးယူ ဒဏ်ခတ်နေကြတာ ဖြစ်ပါတယ်။