သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားအရေး စုံစမ်းမှု ထူးခြားတဲ့ တိုးတက်မှုရှိ


အီရန်နိုင်ငံတွင်းက နျူကလီးယား အဆောက်အအုံများ။
အီရန်နိုင်ငံတွင်းက နျူကလီးယား အဆောက်အအုံများ။

အီရန်နိုင်ငံဟာ နျူကလီယားလက်နက်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ကုလသမဂ္ဂ ကာလကြာရှည် စုံစမ်းနေတဲ့ ကိစ္စမှာ ထူးခြားတဲ့ တိုးတက်မှုတွေရှိတယ်လို့ IAEA အဏုမြူ စွမ်းအင် အေဂျင်စီ အကြီးအကဲကပြောလိုက်ပါတယ်။

စုံစမ်းမှုတွေရဲ့ အဓိက အချက်အခြာဖြစ်တဲ့ Parchin စစ်စခန်းကို သွားရောက်ခွင့်ရခဲ့တာအပါအဝင် အီရန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး IAEA အကြီးအကဲ Yukiya Amano က IAEA ဘုတ်အဖွဲ့ကို အစီရင်ခံတင်ပြပါတယ်။ အီရန်ကိုယ်စားလှယ်တွေ ရယူပေးတဲ့ နမူနာအပါအဝင် Parchin စစ်စခန်းက ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ နမူနာတွေကို သူ့ခရီးစဉ်မတိုင်ခင်မှာ ရယူခဲ့တယ်လို့ Mr. Amano ကပြောပါတယ်။

IAEA ရဲ့ လုပ်ငန်းရပ်တွေကို မထိခိုက်စေဘူးဆိုရင် တချို့ကိစ္စတွေမှာ ဒီလိုနမူနာယူပြီးတော့ စစ်ဆေးအတည်ပြုတဲ့ လုပ်ငန်းရပ်တွေကို အဲ့ဒီ အိမ်ရှင်နိုင်ငံတွေကို ပါဝင်လုပ်ကိုင်ခွင့်ပေးတဲ့ သာဓကတွေရှိတယ်လို့ သူက ပြောပါတယ်။

IAEA က အဲ့ဒီ့နမူနာတွေကို အတည်ပြုစစ်ဆေးတဲ့ နေရာမှာ သူတို့ဆီမှာအသုံးပြုနေတဲ့ အောင်မြင်တဲ့ စစ်ဆေးတဲ့နည်းတွေကို သုံးသွားမှာ ဖြစ်တယ်လို့ Mr. Amano က သတင်းထောက်တွေကို ပြောပါတယ်။ အစောပိုင်းကတော့ ဒီ Parchin စစ်စခန်းကနေ နမူနာတွေကို Iran nuclear အရေးကျွမ်းကျင်ပညာရှင်တွေ ထုတ်ယူပြီး ကုလသမဂ္ဂကို ပေးအပ်လိုက်တယ်လို့ Iran အရာရှိတွေ ဒီကနေ့ပဲ ပြောကြားသွားပါတယ်။

Parchin စစ်စခန်းရဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ နမူနာတွေကိုတော့ ကုလသမဂ္ဂရဲ့ IAEA အနုမြူ စွမ်းအင် အေဂျင်စီ က စုံစမ်းရေးမှူးတွေကို သက်သေထားပြီး ရယူတာမဟုတ်ဘူးလို့ Iran နိုင်ငံရဲ့ အဏုမြူအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ Behrouz Kamalvandi ကို ကိုးကားပြီး Iran အစိုးရသတင်းဌာန IRNA က သတင်းဖော်ပြပါတယ်။ ဒီ Parchin စစ်စခန်းဟာ စစ်ဖက်ဆိုင်ရာဌာနတခု သက်သက်ဖြစ်တယ်၊ အပြင်လူတွေဝင်ခွင့်မရှိဘူးဆိုပြီး Iran အစိုးရက IAEA အရာရှိတွေကို နှစ်ပေါင်းများစွာ လာခွင့်မပေးပါဘူး။

ပြီးတော့ Parchin စစ်စခန်းကို မဲတဲ့ကိစ္စကလည်း အမေရိကန်နဲ့ Israel ကြောင့်လို့ Iran အရာရှိတွေက အပြစ်တင်ပြီး Iran ရဲ့ စစ်စခန်းမှာ nuclear လက်နက် တည်ဆောက်လုပ်နေပါတယ်ဆိုပြီး အဲဒီနိုင်ငံတွေက ထောက်လှမ်းရေးသတင်းအမှားတွေ ပေးတာလို့ ဆိုပါတယ်။ Iran နိုင်ငံရဲ့ nuclear အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါလို့ Iran အစိုးရက ဟိုးအရင်ကတည်းက ခိုင်ခိုင်မာမာ ပြောနေတာပါရှင်။

XS
SM
MD
LG