သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား ကန့်သတ်ရက်နီးပေမယ့် သဘောတူမှုမရနိုင်သေး


အီရန်နျူကလီယားဆိုင်ရာဆွေးနွေးပွဲ တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

အီရန်နိုင်ငံရဲ့ နျူကလီယား အစီအစဉ်အဆုံးသတ်ရေးအတွက် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံက စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ တနင်္လာနေ့ နှောင်းပိုင်းအထိ ကြိုးစားဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက်မရနိုင်ဘဲ ဖြစ်နေပါတယ်။

ကျန်နေသေးတဲ့အခက်အခဲတွေ ပြေလည်ရေးအတွက် နီးစပ်လာနေပြီလို့ မပြောနိုင်သေးပေမယ့် သူတို့အနေနဲ့ မျှော်လင့်ချက်ရှိကြောင်း အီရန် စေ့စပ်ညှိနှိုင်းရေးမှူး Abbas Araghchi က ပြောပါတယ်။ တနင်္လာနေ့မှာ သဘောတူညီချက်ရမယ်လို့ သူ့အနေနဲ့ မထင်ကြောင်း၊ ဒါပေမယ့် အင်္ဂါ ၊ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှာလောက်မှာတော့ သဘောတူညီချက်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း Abbas Araghchi က ပြောပါတယ်။

ခက်ခဲတဲ့အကြောင်းအရာတွေ အများအပြား ကျန်သေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြောပါတယ်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းရေးမှူးတွေအနေနဲ့ သူတို့ဟာ သူတို့သတ်မှတ်ထားတဲ့ အင်္ဂါည နောက်ဆုံးအချိန်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်ကြကြောင်း ၀န်ကြီးကယ်ရီက ပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက် မတည်ဆောက်အောင်၊ သို့တည်းမဟုတ် အဲဒီလိုလုပ်မယ်ဆိုရင်လည်း နိုင်ငံတကာ အသိုင်းဝိုင်းကို အသိပေးဖို့လိုအပ်မယ့် သဘောတူညီချက်ရနိုင်အောင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအုပ်စုတွေက ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့ အီရန်ဘက်က ကြိုးစားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG