အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး စတုတ္ထအကြိမ်အဖြစ် နောက်ဆုံး သတ်မှတ်ထားတဲ့ရက်ဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ မတိုင်ခင် နာရီပိုင်းအလို ဗီယာနာမြို့တော်မှာ ဆွေးနွေးနေကြသူတွေ အားသွန်ခွန်စိုက် ညှိနှိုင်းမှုတွေ ပြုလုပ်နေကြပါတယ်။
အမေရိကန်နဲ့ ဥရောပ သံတမန်တွေဟာ တနင်္ဂနွေနေ့နှောင်းပိုင်း ညစာစားသုံးရင်းနဲ့ အရေးကြီးပြီး ဖြေရှင်းဖို့ လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးနေကြပြီး၊ ကြေညာချက် တစုံတရာ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ညနေစောင်းတုန်းကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဝရန်တာကိုထွက်ပြီး ကျုပ်တို့ ဆက်ဆွေးနွေး နေကြတုန်းပါပဲ ဆိုပြီးတော့ သတင်းထောက်တွေကို အော်ပြောခဲ့ပါတယ်။
အီရန်ဘက်က တာဝန်ရှိသူတဦးဖြစ်တဲ့ Alireza Miryosefi က တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၁၀၀ ပါ သဘောတူညီချက်ဟာ တကယ်တမ်း မဖြစ်နိုင်တာတွေကို ရိုးရိုးရှင်းရှင်း ချရေးထားတာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အစပထမပိုင်းမှာ AP သတင်းဌာနက ကြေညာချက်ကို တနင်္လာနေ့ကြမှ ထုတ်ပြန် နိုင်လိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ညှိနှိုင်းလို့ မရဖြစ်နေတဲ့ အချက်ထဲမှာ ကုလသမဂ္ဂကနေ အီရန်အပေါ် ချမှတ်ထားတဲ့ လက်နက် တင်ပို့ ရောင်းဝယ်မှု ပိတ်ပင်ထားချက်ကို ဖျက်သိမ်းပေးရေး ကိစ္စ ပါဝင်ပါတယ်။ အနောက် အင်အားကြီး နိုင်ငံတွေက ဒီအချက်ကို ဆက်လက် ထားရှိစေချင်နေတာ ဖြစ်ပါတယ်။