အမေရိကန် အထက်လွှတ်တော်မှာရှိတဲ့ ဒီမိုကရက်တစ်ပါတီအနေနဲ့ အီရန်နဲ့ ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ထောက်ခံမယ့် အမတ်ဦးရေ ၄၁ ဦး ရှိသွားပြီ ဖြစ်တဲ့အတွက် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲပေးမှု ဟန့်တားနိုင်မယ့် လုံလောက်တဲ့ အရေအတွက် ရရှိသွားပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း သမ္မတ Barack Obama အနေနဲ့ လွှတ်တော်က ကန့်ကွက်ခဲ့ရင်တောင် ဗီတိုအာဏာ အသုံးပြုစရာ မလိုတော့တဲ့ အနေအထား ဖြစ်သွားတဲ့အတွက် ဒါဟာ နိုင်ငံရေးအရ သိသာတဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအဝင် တခြား ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံတို့နဲ့ အီရန်အကြား ဒီ နျူကလီးယား သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရရှိခဲ့တာပါ။ ဒီသဘောတူညီချက်အရ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပေးခြင်းအားဖြင့် ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေမယ့် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။
အီရန်အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် ကြိုးစား လုပ်ဆောင်နေတာလို့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေက သံသယရှိနေခဲ့ကြတာပါ။ ဒါပေမဲ့ အီရန်ကတော့ အဲဒီလို ပြောဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။
အောက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်ပါတီက အမတ်နေရာ အများစု အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်ကို အောက်လွှတ်တော်က ကန့်ကွက်မဲပေးဖို့ စီစဉ်ထားပေမဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုမရရင် အဲဒီ ကန့်ကွက်မှုဟာ ဟန်ပြသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။