သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သဘောတူညီချက် ကမ္ဘာလုံခြုံမှုပေးနိုင်


ဗွီအိုအေ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း
ဗွီအိုအေ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း

အီရန်နဲ့ရထားတဲ့ နျူကလီးယားအရေး သဘောတူညီချက်ကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် ကမ္ဘာကြီးကို ပိုမိုလုံခြုံဘေးကင်းမှု ပေးနိုင်မှာဖြစ်သလို၊ အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား အခွင့်အလမ်းကောင်းတွေကိုလည်း လမ်းဖွင့်ပေးရာ ရောက်စေမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

အီရန်နဲ့ ကမ္ဘာအင်အားကြီး ၆ နိုင်ငံအကြား ရရှိထားတဲ့ သဘောတူညီချက်ကို အတည်မပြုနိုင်ရင်၊ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခနဲ့ စစ်ပွဲတွေ ပိုပြင်းထန်လာစရာ အကြောင်းရှိတာကို အမေရိကန် လွှတ်တော်အမတ်တွေ နားလည်ရလိမ့်မယ်လို့ ဗွီအိုအေ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောသွားတာပါ။

“ဒီသဘောတူညီချက် ရမလာဘူးဆိုခဲ့ရင်တော့ Auatollah က ပြောပါလိမ့်မယ် - သူတို့ဘက်က ဘာမှ လျှော့ပေးတာမရှိဘဲနဲ့ ဒီလူတွေနဲ့ ဘာကြောင့်ညှိနှိုင်းရမလဲဆိုပြီး ပြောလိမ့်မယ်။ တကမ္ဘာလုံးမှာရှိတဲ့ ကျနော်တို့ မိတ်ဆွေတွေဘက်ကဆိုရင်လည်း ပိတ်ဆို့အရေးယူမှုတွေ လုပ်တုန်းက သဘောတူညီမှုရဖို့ လုပ်တာဆိုပြီး ထောက်ခံခဲ့ကြပြီးတော့မှ၊ အခု သဘောတူညီချက်ရတော့ ဘာကြောင့် ဒါကို လက်မခံနိုင်ဘဲ ဖြစ်ကြရတာလဲဆိုပြီး မေးခွန်းထုတ်ကြမှာပါ။ ဒီအတိုင်းဆိုရင်တော့ ဒေသတွင်းကိုပါ ကြီးမားတဲ့ အန္တရာယ် သက်ရောက်မှု ဖြစ်စေမှာပါ။”

လူ့အခွင့်အရေးကိစ္စတွေနဲ့ အီရန်မှာ ဖမ်းခံထာရတဲ့ အမေရိကန်တွေ ပြန်လွတ်ဖို့ ကိစ္စတွေ အပါအဝင် ပိုကျယ်ပြန်တဲ့ ကိစ္စတွေ ဆွေးနွေးဖို့ကိစ္စကို လုပ်ဆောင်သင့်တယ်ဆိုပြီး ဝေဖန်ကြတာကိုလည်း မစ္စတာကယ်ရီက ခုခံ ပြောဆိုသွားတာပါ။

“ကျနော် အရင်ပြောခဲ့ဖူးသလိုပါပဲ၊ အီရန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာဖြစ်စေ အီရန်နဲ့ အမေရိကန်ကြားမှာဖြစ်စေ ရှိနေတဲ့ ကိစ္စရပ်တွေ အတော်များများကို ပြောဆိုနေရမယ်ဆိုရင် ညှိနှိုင်းမှုက ၁၀ နှစ်ကြာရင် ကြာမယ်၊ လုံး၀ မရဘဲလည်း ဖြစ်ချင်ဖြစ်ပါမယ်။ ဒါပေမဲ့လည်း နျူကလီယားကိစ္စ ဖြစ်နေလေတော့ ဒီလောက် အချိန်မရပါဘူး။”

ဒီသဘောတူညီချက်ကိုသာ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရင် အီရန်နဲ့ ပတ်သက်လို့ အကျိုးအမြတ် အများကြီး ရှိနိုင်တယ်လို့လည်း မစ္စတာကယ်ရီက ပြောပါတယ်။ အီရန် နျူကလီးယားအရေး သဘောတူညီချက်ကို တနင်္လာနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တခဲနက် ထောက်ခံအတည်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ ဒီသဘောတူညီချက်ကို လွှတ်တော်ကို တနင်္ဂနွေနေ့က တင်သွင်းခဲ့ပြီး၊ အမေရိကန်လွှတ်တော်အမတ်တွေက ဒါကို ရက် ၆၀ ကြာ ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို အီရန်လွှတ်တော်ကလည်း အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG