သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ မိန့်ခွန်း အိုဘားမား တုံ့ပြန်


၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်သမ္မတ ပြောကြားတာတွေဟာ စော်ကားတာ၊ အမုန်းတရားကို အခြေခံပြီး ပြောတာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။

၂၀၀၁ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို အမေရိကန်အစိုးရက စီစဉ် လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက ယုံကြည်နေကြတယ်လို့ အီရန်ခေါင်းဆောင် အမာဒီနီဂျက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားလိုက်တဲ့အတွက် အမေရိကန် အပါအဝင် တခြားနိုင်ငံတွေက သံတမန်တွေ အစည်းအဝေးခန်းမထဲက ထွက်သွားခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာရှိခဲ့တဲ့ Ground Zero နေရာနဲ့ သိပ်မဝေးတဲ့ နယူးယောက်မြို့မှာ သမ္မတ အမာဒီနီဂျက်အခုလို ပြောတာဟာ ခံပြင်းစရာ ကောင်းတယ်လို့ မစ္စတာ အိုဘားမားက BBC ပါရှန်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီ တိုက်ခိုက်မှုတွေဟာ အခု မျိုးဆက်အတွက် အလွန်ကို ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်လို့ လူမျိုးတိုင်း ၊ ဘာသာတိုင်းက ရှုမြင်ထားတာလို့ သမ္မတက ပြောပါတယ်။

အခုလို အီရန်သမ္မတ ပြောတာဟာ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုဖြစ်တုန်းက အီရန်ပြည်သူတွေရဲ့ တုံ့ပြန်မှုနဲ့ ကွဲပြားနေတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ လူ ၃ ထောင်လောက် သေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုကို အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်က ကြံစည်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်။

ဒီသတင်းနဲ့ တဆက်တည်း ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအနေနဲ့ အီရန်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ သုတေသန ဓါတ်ပေါင်းဖိုအတွက် နျူးကလီးယား လောင်စာတွေကို အီရန်ဘက်ကို ပို့ပေးမယ်ဆိုရင် အီရန်နိုင်ငံဘက်ကလည်း သူတို့ရဲ့ ယူရေနီယံ သန့်စင်တဲ့ လုပ်ငန်းကို အဆုံးသတ်ရေး ဆွေးနွေးဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ အီရန်သမ္မတ အမာဒီနီဂျက်က ကမ်းလှမ်းလိုက်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအဝင် ဂျာမနီနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့အတွက် ရက်ကိုသတ်မှတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မစ္စတာ အမာဒီနီဂျက်က နယူးယောက်မြို့က ညီလာခံအတွင်း ပြောကြားခဲ့ပါတယ်။ ဆွေးနွေးမှုတွေကို အောက်တိုဘာလ အတွင်းမှာ လုပ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG