သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်စစ်ရေးပြပွဲ ပစ်ခတ်မှု သေဆုံးသူ ၂၅ ဦးထက်မနည်း


အီရန်ကောင်းသတင်းသတင်းဌာန ISNA ၊ အီရန်စစ်သည်တော်တွေနဲ့ အရပ်သားတွေ တိုက်ခိုက်မှုဖြစ်စဉ် ကျည်ကွယ်မှာ ပုန်းခိုနေစဉ်။
အီရန်ကောင်းသတင်းသတင်းဌာန ISNA ၊ အီရန်စစ်သည်တော်တွေနဲ့ အရပ်သားတွေ တိုက်ခိုက်မှုဖြစ်စဉ် ကျည်ကွယ်မှာ ပုန်းခိုနေစဉ်။

အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ စစ်ရေးပြပွဲတခုအတွင်း သေနတ်သမားတွေ ပစ်ခတ်တာကြောင့် သေဆုံးသူ ၂၅ ဦးထက် မနည်းရှိပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၆၀ ရှိတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

သေနတ်သမားနှစ်ဦး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တခြားပြောဆိုတာတွေမှာတော့ တိုက်ခိုက်မှုနဲ့ ဆက်စပ် ပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုကြပါတယ်။

Khuzestan ပြည်နယ်၊ Ahvaz မြို့မှာ စနေနေ့ကဖြစ်တဲ့ တိုက်ခိုက်မှုရဲ့ လက်သည်အဖြစ် IS အကြမ်းဖက်ဝါဒီ အဖွဲ့နဲ့ Ahvaz လွတ်မြောက်ရေး အာရပ်ဘ် လှုပ်ရှားမှုလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့အဖွဲ့ နှစ်ဖွဲ့လုံးက သူတို့လက်ချက်လို့ ပြောထားတာပါ။

၁၉၈၀-၁၉၈၈ အီရန်-အီရတ်စစ်ပွဲစတင်တဲ့ အထိမ်းအမှတ် နှစ်စဉ်လုပ်တဲ့ စစ်ရေးပြပွဲကို လာကြည့်ကြတဲ့ အီရန် တာဝန်ရှိသူတွေ ထိုင်နေတဲ့ စင်မြင့်နေရာကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ပြောပါတယ်။ အလားတူ စစ်ရေးပြပွဲ တွေကို နိုင်ငံတဝန်းမှာ လုပ်ကြတာပါ။

သေဆုံးသူအများစုဟာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေလို့ ဆိုကြပါတယ်။ တချို့သတင်းတွေ မှာ တော့ သေဆုံးသူတဦးဟာ သတင်းထောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ဆက်စပ်တယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အာလီ ခါမေနီက စနေနေ့မှာပြောပြီး တိုက်ခိုက်မှုရဲ့လက်သည်တွေကို ဥပဒေနဲ့အညီ အရေးယူ နိုင်အောင်လုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG