သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြသူတွေကို သမ္မတ Trump ချီးကျုး


ကြမ်းကြုတ် ရက်စက်ပြီး အကျင့်ပျက် အီရန် အစိုးရကို နောက်ဆုံးမှာတော့ ပြည်သူတွေက ဆန့်ကျင်ကုန်ကြပြီလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပြီး အီရန် ဆန္ဒပြသမားတွေကို ချီးကျူး ပြောဆိုလိုက်ပါတယ်။

အီရန် အစိုးရကို ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေဟာဆိုရင် ရန်သူတွေက လှုံ့ဆော်တာလို့ အီရန် ဘာသာရေး ခေါင်းဆောင်က စွပ်စွဲထားတာပါ။ အီရန်ရဲ့ နျူးကလီးယား လက်နက် အစီအစဉ်တွေကို ထိန်းချုပ်ရေး ၂၀၁၅ ခုနှစ်က နိုင်ငံတကာ သဘောတူညီချက် တစိတ်တပိုင်း အနေနဲ့ အရင် အမေရိကန် သမ္မတ Barack Obama လက်ထက်က အီရန်ကို ရူးရူးမိုက်မိုက် ပေးခဲ့တဲ့ ငွေတွေက အကြမ်းဖက် ဝါဒနဲ့ သူတို့ အိတ်ကပ်ထဲ ရောက်သွားတယ်လို့လည်း သမ္မတ Trump က တွစ်တာမှာ ရှုတ်ချ ရေးသားခဲ့ပါတယ်။ ပြည်သူတွေမှာတော့ စားစရာ မလောက်မင၊ ငွေကြေးဖောင်းပွမှုကြီးနဲ့ လူ့အခွင့်အရေးလည်း မရှိဘူး။ အမေရိကန်က စောင့်ကြည့်နေတယ်လို့ သမ္မတ Trump က ရေးပါတယ်။

အမေရိကန် သမ္မတ Trump ဘက်က ထိုးနှက်ခဲ့ပြီးနောက်မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တုံ့ပြန်ပါတယ်။ တခြားနိုင်ငံတွေ အရေး တန်ဖိုးမရှိ စော်ကားမော်ကား တွစ်တာမှာ ရေးသားပြီး အချိန်ဖြုန်းနေတာထက်၊ သူ့နိုင်ငံတွင်းက နေ့စဉ် ဒါဇင်နဲ့ချီတဲ့ လူတွေ သတ်ဖြတ်ခံနေရတာတွေ၊ အိုးမဲ့ အိမ်မဲ့ ငတ်ပြတ်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေ အရေးတွေလို ပြည်တွင်းရေးတွေကို အာရုံစိုက်တာက ပိုကောင်းတယ်ဆိုပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့တာပါ။

နိုင်ငံမှာ ပြဿနာတွေ ပေါ်လာအောင် ဒီရက်ပိုင်းတွေ အတွင်း အီရန်ရဲ့ ရန်သူတွေက ငွေကြေး၊ လက်နက်၊ နိုင်ငံရေးနဲ့ ထောက်လှမ်းရေး ယန္တရားတွေ အပါအဝင် နည်းလမ်းပေါင်းစုံ အသုံးပြုနေတယ်လို့ ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က ကြေညာချက်မှာ ပြောဆိုထားတာပါ။ သူ့ရဲ့ ကြေညာချက်ကိုတော့ နိုင်ငံပိုင် ရုပ်သံမှာ ပြသခဲ့သလို သူ့ရဲ့ တရားဝင် အင်တာနက် ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားပါတယ်။ လက်တလော အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အချိန်ကျလာရင် နိုင်ငံကို မိန့်ခွန်းပြောမယ်လို့လည်း Khamenei က ပြောဆိုထားပါတယ်။ အမျိုးသား လုံခြုံရေး ကောင်စီရဲ့ အတွင်းရေးမှူး Ali Shamkhani ကတော့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဆော်ဒီအာရေးဗျတို့က အီရန်နိုင်ငံတွင်း ဆန္ဒပြပွဲတွေကို လှုံ့ဆော်နေတာ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG