အီရန်နိုင်ငံမှာ ၁၉၈၉ ကနေ ၁၉၉၇ ခုနှစ်အထိ သမ္မတ ဖြစ်ခဲ့တဲ့ ရပ်ဖ်ဆန်ဂျာနီ (Akbar Hashemi Rafsanjani) ရဲ့ သမီး ဖာဇီ ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီ (Faezeh Hashemi Rafsanjani) ဟာ တားမြစ်ထားတဲ့ အတိုက်အခံတွေ စီစဉ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင် ပတ်သက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း ထားလိုက်ပြီလို့ အီရန်အစိုးရရဲ့ IRNA သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
မစ်စ် ဖာဇီ ဟာရှီမီဟာ အစိုးရကို တဲ့တိုး ဝေဖန် တိုက်ခိုက်တဲ့ ကြေညာချက်တွေနဲ့ ဆန္ဒပြပွဲအတွက် ကြွေးကြော်သံတွေကို စီစဉ် လုပ်ဆောင်နေစဉ်မှာ ဖမ်းဆီးခဲ့တာလို့ IRNA က ဆိုပါတယ်။
ဒါပေမဲ့ မစ်စ် ဖာဇီ ဟာရှီမီဟာ အဝတ်အထည် ဝယ်ယူဖို့ ဈေးဝယ်ထွက်နေကြောင်း သက်သေပြနိုင်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း အစိုးရတပိုင်း ပိုင်ဆိုင်တဲ့ ဖားစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အီရန် အတိုက်အခံ အစိမ်းရောင် လှုပ်ရှားမှု အဖွဲ့က မနေ့ တနင်္ဂနွေနေ့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ လူထုကို လှုံ့ဆော်ထားပြီး အတိုက်အခံတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ဒ်တွေမှာ တီဟီရန်မြို့တော်ရဲ့ လူစည်ကားရာ လမ်းတွေနဲ့ ကွက်လပ်ကြီးတွေမှာ ဆန္ဒပြပွဲတွေကို ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။
နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW) ကတော့ ဆန္ဒပြသူတွေကို သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဖြိုခွင်းခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပေမဲ့ အီရန်အစိုးရ အရာရှိကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
တီဟီရန်မြို့တော်မှာ လုံခြုံရေးတွေ ထူထပ်စွာ ချထားတာကြောင့် အဲဒီလို ကြီးကြီးကျယ်ကျယ် ဆန္ဒပြပွဲတွေ မဖြစ်ခဲ့ဘူးလို့ တီဟီရန် ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။