သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဖမ်းထားတဲ့ အမေရိကန် တောင်တက်သမားတယောက် ပြန်လွတ်လာပြီ


အီရန်နိုင်ငံမှာ တနှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ အမေရိကန် အပျော်တမ်း ခြေလျင်တောင်တက်သမား အခု သူ့မိခင်ဖြစ်သူနဲ့ ပြန်လည် တွေ့ဆုံခွင့် ရခဲ့ပါပြီ။ အီရန်ရဲ့ အယ်ဗင် (Evin) အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး ၁ နာရီအကြာ အိုမန်လေဆိပ်ကို ရောက်လာတဲ့ အသက် ၃၂ နှစ်အရွယ် ဆာရာ ရှော့ဒ် (Sarah Shourd) နဲ့ မိခင်ဖြစ်သူတို့ အပြန်အလှန် ပွေ့ဖက် နှုတ်ဆက်ခဲ့ကြတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ရှော့ဒ်နဲ့ အပျော်တမ်း ခြေလျင်တောင်တက် မိတ်ဆွေတွေဖြစ်တဲ့ ရှိန်း ဘိုအာ (Shane Bauer) နဲ့ ဂျော့ရှ် ဖတ်တဲလ် (Josh Fattal) တို့ကတော့ အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး ထိန်းသိမ်းခံနေရတုန်းပါပဲ။

သူတို့ ၃ ဦးဟာ အီရတ်မြောက်ပိုင်းကနေ တဆင့် အီရန်နိုင်ငံထဲကို ဖြတ်ပြီး ခြေလျင်ခရီး နှင်ခဲ့ကြပြီးတဲ့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လက အီရန်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့အတူ သူလျှိုမှုနဲ့ စွပ်စွဲခံရပြီး အီရန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပါတယ်။ သူတို့ရဲ့ မိသားစုတွေကတော့ သူတို့ဟာ နယ်စပ်ကို ဖြတ်မှန်းမသိ မတော်တဆ နယ်ကျွံသွားခဲ့ကြတာလို့ ဆိုပါတယ်။

ရှော့ဒ်ကို အီရန်နိုင်ငံက ပြန်လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုဆိုလိုက်ပါတယ်။ ကျန်နေသေးတဲ့ ခြေလျင်တောင်တက်သမား ၂ ဦးနဲ့ တခြား အီရန်နိုင်ငံထဲမှာ ထိန်းသိမ်းခံနေရတဲ့ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ အမေရိကန် နိုင်ငံသားတွေကိုပါ အီရန်အစိုးရက ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ ဘိုအာနဲ့ ဖတ်တဲလ်တို့ကို နောက်ထပ် ၂ လ ဆက်ပြီး ထိန်းသိမ်းသွားဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG