သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ အမေရိကန် အပျော်တမ်း ခြေလျင် တောင်တက်သမား ၂ ယောက်ကို အီရန်နိုင်ငံက ပြန်လွှတ်ပေးလိုက်ပါပြီ။
တရားသူကြီးက သူတို့ ၂ ယောက် ပြန်လွတ်ရေး အတည်ပြုပေးလိုက်တဲ့အတွက် ရှိန်း ဘောအာ (Shane Bauer) နဲ့ ဂျော့ရှ် ဖတ်တယ်လ် (Josh Fattal) တို့ ၂ ယောက်ဟာ အီရန် အကျဉ်းထောင်က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် လွတ်မြောက်လာကြတာပါ။ ဆွစ်ဇာလန်သံရုံးက ကားက သူတို့ကို အကျဉ်းထောင်မှာ သွားစောင့် ခေါ်ခဲ့တာပါ။ သူတို့ဟာ အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ အာမခံတင်ပြီး လွတ်လာကြတာ ဖြစ်ပါတယ်။
သူတို့လွတ်တဲ့အကြောင်း အီရန် ရုပ်မြင်သံကြား သတင်းတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။ သူတို့ ပြန်လွတ်တယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပြောကြားတဲ့အကြောင်း အမေရိကန် အခြေစိုက် CNN သတင်းဌာနကလည်း ပြောပါတယ်။
သူတို့ ၂ ယောက်ကို အမေရိကန် အစိုးရကိုယ်စား အီရန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ပေးနေတဲ့ ဆွစ်ဇာလန်သံရုံးကို လွှဲပေးသွားမှာ ဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေ မာဆွတ်ဒ် ရှာဖီအီ (Masoud Shafiei) က ပြောပါတယ်။ အီရန်နိုင်ငံကနေ အပြင်ကို ခေါ်ထုတ်သွားဖို့အတွက် အိုမန်နိုင်ငံကလည်း သူတို့လေယာဉ်ကို တီဟီရန်မြို့မှာ ပို့ထားတယ်လို့ ဆိုပါတယ်။
သူတို့ကို ပြန်လွှတ်ပေးဖို့ လက်မှတ်ထိုးရမယ့် တရားသူကြီး တယောက်က အားလပ်ရက် သွားနေတာ ပြန်အလာကို စောင့်နေရတာမို့ သူတို့ ပြန်လွတ်ရမယ့်ရက် နှောင့်နှေးခဲ့ရတာပါ။
ရှိန်း ဘောအာနဲ့ ဂျော့ရှ် ဖတ်တယ်လ်တို့ ၂ ယောက်ဟာ အီရန်နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်ခဲ့ပြီး သူလျှိုလုပ်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီရန်တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လမှာ ထောင်ဒဏ် ၈ နှစ်စီ ပြစ်ဒဏ် ချမှတ် စီရင်ခံခဲ့ရတာ ဖြစ်ပါတယ်။