သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒုံးကာကွယ်ရေးစနစ်တွေ အီရန်ကို ဒီနှစ်ကုန်ပို့မည်


အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် S-300
အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် S-300

အီရန်နိုင်ငံအတွက် အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် S-300 ကို ရုရှားနိုင်ငံကနေ ဒီနှစ်ကုန်နောက်ဆုံးထား တင်ပို့မှာဖြစ်တဲ့အကြောင်း အီရန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံကို မစ်ဇိုင်းလက်နက် တင်ပို့မှုတွေ မလုပ်ဖို့ ၅ နှစ်ကြာ တားမြစ်ချက်ကို ဖယ်ရှားလိုက်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အီရန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲ Ali Shamkhani က ရုရှား Interfax သတင်းဌာနကို ကြေညာချက် ပေးပို့ ပြောဆိုခဲ့တာပါ။

ဘယ်လောက်စောစော ပို့နိုင်မလဲဆိုတာကတော့ ထုတ်လုပ်သူတွေပေါ် မူတည်နေပြီး၊ အားလုံးပြီးဆုံးဖို့ ဆိုရင်တော့ ၆ လထက်မနည်း ကြာလိမ့်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ရုရှားလုံခြုံရေးကောင်စီ အတွင်းဝန် Nikolai Patrushev က ဒီကနေ့ပဲ Interfax သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒေါ်လာသန်း ၈၀၀ တန်ဘိုးရှိတဲ့ အရောင်းအဝယ်စာချုပ်ကို ၂၀၀၈ ခုနှစ်ကတည်းက ချုပ်ဆိုထားတာ ဖြစ်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အီရန်အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တဲ့နောက် ၂၀၁၀ ပြည့်နှစ်မှာ ရုရှားက ဆိုင်းငံ့ထားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုကတော့ သဘောတူညီချက်အတိုင်း အခုအခါ ဆက်လက် ဆောင်ရွက်သွားဖို့ ရုရှားသမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံက အီရန်ကို လေကြောင်းကာကွယ်ရေးစနစ် ရောင်းချနိုင်တဲ့အပေါ် ကန့်ကွက်ကြောင်း အရင်ကလည်း ပြောဖူးတယ်လို့လည်း သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ Josh Earnest က ပြောခဲ့သလို၊ မကြာခင်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG