အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ စစ်ဆေးသူတွေနဲ့ တချို့ ကိစ္စတွေမှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ အီရန်က ပြောလိုက်ပါတယ်။ သဘောထား ကွဲမှုတချို့ကို ဖြေရှင်းနိုင် ခဲ့ပြီး နောက်တခါ တွေ့ဆုံပွဲကျရင် အခု တင်ပြ အဆိုပြုလာတဲ့ အချက်တွေကို ပြန်ပြီး ဆွေးနွေး မှာ ဖြစ်တယ်လို့ အီရန်အစိုးရပိုင် သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
တဟီရန်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အီရန်ဘက်က အသေးစိတ် မပြောသလို၊ နိုင်ငံတကာ အနုမြူ စွမ်းအင်အေဂျင်စီ IAEA ကလည်း တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။ အီရန်ရဲ့ နျူကလီးယား စက်ရုံတွေရှိရာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို ပြန်လည် သွားရောက်ခွင့် ပေးဖို့အတွက် IAEA ကိုယ်စားလှယ်တွေ တဟီရန်မှာ ရောက်ရှိ ဆွေးနွေးနေကြ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ဆွေးနွေးပွဲတုန်းကတော့ ဘာသဘောတူညီမှုမှ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ Parchin စစ်စခန်းဆီ စစ်ဆေးသူတွေကို သွားခွင့် ပေးကောင်း ပေးမယ်လို့ အီရန်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အီရန်က အဓိက ယူရေနီယံ သန့်စင်တဲ့ စက်ရုံက အဓိက ပစ္စည်း ကိရိယာတချို့ကို အဆင့်မြှင့် မယ်လို့လည်း အီရန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
Natanz စက်ရုံက ဗဟို ခွာစက်တွေကို အသစ်တွေ စတင်ပြောင်းလဲ တပ်ဆင်နေပြီလို့ အီရန် နျူကလီးယား စွမ်းအင် အဖွဲ့အစည်း အကြီးအကဲ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။