ပြီးခဲ့တဲ့နှစ်က ပျောက်ဆုံးသွားပြီး ၀ါရှင်တန်မြို့တော်မှာ ပဟေဠိဖြစ်စရာ ပြန်ပေါ်လာတဲ့ အီရန် နျူကလီးယား သိပ္ပံပညာရှင်က အမေရိကန် စုံစမ်းစစ်ဆေးသူတွေရဲ့ လက်ထဲမှာ စိတ်ရော ကိုယ်ပါ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
သိပ္ပံပညာရှင် ရှာရမ် အာမီရီ (Shahram Amiri) ဟာ ကြာသပတေးနေ့ အစောပိုင်းကပဲ အမေရိကန်ကနေ အီရန်နိုင်ငံ တီဟီရန်မြို့တော်ဆီ ပြန်ရောက်လာခဲ့ပါတယ်။ အီမမ် ခိုမေနီ (Imam Khomeini) လေဆိပ်ကို ပြန်ရောက်လာတဲ့ သူ့ကို မိသားစုဝင်တွေအပြင် အီရန်အစိုးရ တာဝန်ရှိသူတွေလည်း လာရောက် ကြိုဆိုကြပါတယ်။
အာမီရီက သူဟာ ဆော်ဒီအာရေဗျမှာ သေနတ်ချိန် ဖမ်းဆီးခံရပြီး အမေရိကန် ထောက်လှမ်းရေးတွေ လက်ကို လွှဲပေးခံရတယ်လို့ ၀ါရှင်တန်မြို့တော်က မထွက်ခွာမီမှာ ပြောခဲ့ပါတယ်။ အီရန်အစိုးရကလည်း အလားတူပဲ အာမီရီကို အမေရိကန်တို့ ဖမ်းဆီးသွားတာလို့ ပြောနေတာ ဖြစ်ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေကတော့ အာမီရီကို ဖမ်းဆီး ခေါ်ဆောင်လာတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်ပြီး အာမီရီဟာ အမေရိကန်ကို သူ့ဆန္ဒနဲ့သူ လာခဲ့တာဖြစ်ပြီး သူ့ဆန္ဒနဲ့သူ ပြန်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးဖို့ အီရန် သိပ္ပံပညာရှင်ကို အမေရိကန် CIA ထောက်လှမ်းရေးက ဒေါ်လာ ၅,၀၀၀,၀၀၀ ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတွေရဲ့ အပြောကို ဒီနေ့ထုတ် Washington Post သတင်းစာကြီးထဲမှာ ကိုးကား ဖော်ပြထားပါတယ်။