CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက အီရန် နျူကလီးယား သိပ္ပံပညာရှင်ကို ဒေါ်လာ ၅,၀၀၀,၀၀၀ ပေးခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြုဖို့ ငြင်းဆိုလိုက်ပါတယ်။
အမေရိကန်က ရှာရမ် အာမီရီ (Shahram Amiri) ကို ပံ့ပိုးခဲ့တယ် ဆိုတဲ့နေရာမှာ ငွေရေးကြေးရေး ပါဝင်မှု ရှိမရှိနဲ့ ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ ပြောစရာ မရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။
အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက် CIA က မစ္စတာ အာမီရီကို ဒေါ်လာ ၅,၀၀၀,၀၀၀ ပေးခဲ့ရတယ်လို့ အမည်မဖော်လိုသူ အမေရိကန် တာဝန်ရှိသူတယောက်ကို ကိုးကားပြီး သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မစ္စတာ အာမီရီဟာ တီဟီရန်မြို့ကို ကြာသပတေးနေ့က ပြန်လည်ရောက်ရှိခဲ့ပြီး CIA က ပေးတယ်ဆိုတဲ့ ပိုက်ဆံတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာပဲ ထားရစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ သူဟာ မနှစ်က ဆော်ဒီအာရေဗျနိုင်ငံ ဘုရားဖူးသွားရင်း ပျောက်ဆုံးခဲ့ပြီးနောက် ထူးထူးဆန်းဆန်း ၀ါရှင်တန်မြို့မှာ ပြန်တွေ့ခဲ့ရတာပါ။
အီရန်အစိုးရက ပြောသလို ဆော်ဒီအာရေဗျနိုင်ငံမှာ သူ့ကို သေနတ်နဲ့တေ့ ပြန်ပေးဆွဲခံခဲ့ရပြီး အမေရိကန် ထောက်လှမ်းရေးတွေလက်ထဲ လွှဲပြောင်းပေးတာ ခံခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မြို့က မထွက်ခွာမီ မစ္စတာ အာမီရီက ပြောဆိုလိုက်ပါတယ်။