ပျောက်နေတယ်လို့ အီရန်က ပြောနေတဲ့ နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင် တယောက်ဟာ ၀ါရှင်တန် ဒီစီ မြို့တော်မှာ ရှိတဲ့ ပါကစ္စတန်သံရုံးက အီရန်ရေးရာ ဌာနကို ရောက်လာခဲ့ပါတယ်။
သိပံ္ပပညာရှင် ရှာရမ် အာမီရီ (Shahram Amiri) ကို အီရန်နိုင်ငံ ပြန်ပို့ဖို့ အီရန်တာဝန်ရှိသူတွေက စီစဉ်နေကြတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အက်ဗ်ဒူလ် ဘာဆစ် (Abdul Basit) က ပြောပါတယ်။
သူ့ဆန္ဒနဲ့သူ အမေရိကန်ကို ရောက်လာတဲ့ အာမီရီဟာ သူ့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် သွားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ် နျူကလီးယား ရူပဗေဒ ပညာရှင်ဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လမှာ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင် အာမီရီဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ လည်ပတ်နေစဉ် အမေရိကန် ထောက်လှမ်းရေးတွေရဲ့ လက်ကို လွှဲပေးခံလိုက်ရတာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။
အမေရိကန်တို့ကတော့ အာမီရီကို ဖမ်းဆီး ခေါ်ယူထားတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
သူ့ကို ဖမ်းဆီးခေါ်ဆောင်မှုဟာ အမေရိကန်အတွက် သိက္ခာကျစရာ ဖြစ်တယ်လို့ အာမီရီက သူတို့ သတင်းထောက်တယောက်ကို ဖုန်းပေါ်ကနေပြောခဲ့တယ်လို့ အီရန်အစိုးရ ရုပ်သံက ဆိုပါတယ်။ မေးမြန်းခန်းမှာ အာမီရီက သူ ဘယ်လို ပါကစ္စတန် သံရုံးဆီ ရောက်လာတယ် ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
အီရန်မှာ အစ္စလမ္မစ် တော်လှန်ရေး ဖြစ်ခဲ့တဲ့ ၁၉၇၉ ခုနှစ် ကတည်းက အီရန်နဲ့ အမေရိကန်ကြားမှာ သံတမန် ဆက်ဆံရေး ပြတ်တောက်ခဲ့တာဖြစ်ပြီး ၂ နိုင်ငံလုံးမှာ သံရုံးတွေ မရှိတဲ့အတွက် ၀ါရှင်တန်က ပါကစ္စတန်သံရုံးမှာ အီရန်ရေးရာဌာနကို ထားရှိတာ ဖြစ်ပါတယ်။