သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် လက်နက်မှောင်ခိုမှု စုံစမ်းဖို့ အမေရိကန်တိုက်တွန်း


အီရန် လက်နက်မှောင်ခိုမှု စုံစမ်းဖို့ အမေရိကန်တိုက်တွန်း
အီရန် လက်နက်မှောင်ခိုမှု စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

အီရန်နိုင်ငံရဲ့ တရားမဝင် လက်နက်မှောင်ခိုမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ အီရန်နိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအတွင်းမှာ အနောက်နိုင်ငံတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး လက်နက်မှောင်ခို ရောင်းချမှုတွေမှာ အီရန်နိုင်ငံပါဝင်နိုင်ဖွယ်ရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rise က ဆွေးနွေးပွဲအတွင်း တိုက်တွန်းသွားပါတယ်။ အီရန်နိုင်ငံကလို့ ယုံကြည်ရတဲ့ ဖေါက်ခွဲရေးပစ္စည်း တန်ချိန်ပေါင်း ၇ တန်ကို အီတလီ အရာရှိတွေ သိမ်းဆည်းရမိခဲ့တဲ့ စက်တင်ဘာလက အဖြစ်အပျက်ကို သံအမတ်ကြီး Susan Rice က ထောက်ပြပြီး ပြောဆိုသွားတာပါ။

အလားတူပဲ အောက်တိုဘာလကလည်း နိုင်ဂျီးရီးယားနိုင်ငံမှာ တားမြစ်ထားတဲ့ လက်နက်ပစ္စည်းတွေ တင်ပို့ဖို့ကြိုးစားမှုနဲ့ အီရန်နိုင်ငံသား တယောက် စွပ်စွဲခံရတဲ့အဖြစ်ကိုလည်း သူက ထောက်ပြပါတယ်။ ဒီအဖြစ်အပျက်တွေကို သက်သေအဖြစ်သုံးပြီး အီရန်နိုင်ငံက အခုလို တရားမဝင် လက်နက်မှောင်ခိုမှုနဲ့ လက်နက် ရောင်းဝယ်မှုတွေ အကြီးအကျယ်လုပ်နေတာကို လုံခြုံရေးကောင်စီအနေနဲ့ တားမြစ်နိုင်လိမ့်မယ်လို့ သံအမတ်ကြီး Rice ကပြောပါတယ်။

အီရန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရှောင်ကွင်းပြီး ရှုပ်ထွေးတဲ့ လမ်းကြောင်းပေါင်းစုံကနေ လက်နက်တွေကို တိုးပြီး ရောင်းဝယ်တာတွေ လုပ်နေတယ်ဆိုတာကို လက်နက် သိမ်းဆည်းရမိတဲ့ ဖြစ်ရပ်တွေက ဖော်ပြနေတယ်လို့ ပြင်သစ်ကိုယ်စားလှယ် Martin Briens ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြင်သစ်သတင်း အေဂျင်စီ AFP ကလည်း ဖော်ပြပါတယ်။

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယားလုပ်ငန်းတွေကြောင့် ကုလသမဂ္ဂက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လေးကြိမ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ နျူကလီးလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက ယုံကြည်နေကြပါတယ်။ အီရန်ကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေရဲ့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG