သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဥရောပ အင်အားကြီး ၃ နိုင်ငံနဲ့ အီရန် ဆွေးနွေးမည်


ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) ဒါရိုက်တာ Rafael Mariano Grossi အီရန်နိုင်ငံခြားရေးဝန်ကြီးAbbas Araghchi (AP Photo/Vahid Salemi)
ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) ဒါရိုက်တာ Rafael Mariano Grossi အီရန်နိုင်ငံခြားရေးဝန်ကြီးAbbas Araghchi (AP Photo/Vahid Salemi)

ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက ကျိုဒိုသတင်းအေဂျင်စီက ဒီနေ့ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို အီရန်ဘက်က ယူရေနီယမ် သန့်စင်ဖို့အတွက် ပိုပြီးအဆင့်မြင့်တဲ့ ဗဟိုခွါစက်အသစ်တွေ တည်ဆောက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်အစိုးရကတော့ အမေရိကန်မှာလာမယ့် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ဆွေးနွေးပွဲကို လာမယ့်သောကြာနေ့မှာ လုပ်သွားမှာ ဖြစ်တယ်လို့ အီရန်အစိုးရအကြီးတန်းတာဝန်ရှိသူတဦးက အတည်ပြုလိုက်ပြီး ၊ အီရန်အစိုးရအနေနဲ့ နျူးကလီးယားပြဿနာ သံတမန်ရေးဖြေရှင်းသင့်တယ်လို့ အမြဲတမ်းယုံကြည်ထားပြီး နျူကလီးယားဆွေးနွေးပွဲကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ကြောင်းလည်း ပြောလိုက်ပါတယ်။

၂၀၁၈ တုန်းကတော့ အဲဒီအချိန်က သမ္မတထရမ့်အစိုးရ အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ အီရန်တို့ သဘောတူထားတဲ့ အီရန်နျူးကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက်ပြီး အီရန်အပေါ်ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် အီရန်ကလည်း အဲဒီသဘောတူညီချက်မှာပါတဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး ယူရေနီယမ်တွေ စုဆောင်းသိုလှောင်တာတွေ သန့်စင်ထုတ်လုပ်တာတွေကို ပြန်လုပ်လာခဲ့ပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရနဲ့ အီရန်ကြား အီရန် နျူးကလီးယား သဘောတူညီချက် ပြန်အသက်သွင်းဖို့အတွက် တဆင့်ခံ ဆွေးနွေးမှုတွေကလည်း အောင်မြင်မှုမရခဲ့ပေမယ့်၊ ဒေါ်နယ်ထရမ့်ကတော့ နျူးကလီးယား ပြဿနာရဲ့နောက်ဆက်တဲ့ အကျိုးဆက်က ကြီးမားလွန်းတာကြောင့် သဘောတူညီမှု ရအောင်လုပ်ဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

Forum

XS
SM
MD
LG