အီရန်နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ဆွေးနွေးရာမှာ၊ အရှေ့အလယ်ပိုင်းဒေသက အဓိက ရန်ဘက်တွေကြား အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နှစ်စဉ်ဆွေးနွေးရာမှာ မနေ့တုန်းက အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Asma Jahangir က အရွယ်မရောက်သေးသူတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒီနှစ်ထဲ အီရန်နိုင်ငံမှာ ကွပ်မျက်ခံခဲ့ရသူပေါင်း ၄၃၅ ယောက်အထိ ရှိခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
သတင်းသမားတွေ၊ ဘလော့ဂါတွေ၊ လူမှုကွန်ယက်တွေပေါ်က တက်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပြီး ဇွန်လအထိ ဖမ်းဆီးခံထားရသူ ၂ ဒါဇင်ကျော်အထိ ရှိခဲ့ကြောင်းလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူအဖြစ် တာဝန်ယူခဲ့တဲ့ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေအပေါ် ခြိမ်းခြောက်နှောက်ယှက်မှုတွေ၊ အရေးယူတာတွေ၊ အမျိုးသမီးတွေအပေါ် အကြီးအကျယ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကိုလည်း အထူးကိုယ်စားလှယ်က တင်ပြခဲ့တာပါ။
လူနည်းစု လူမျိုးစုတွေနဲ့ ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ မတရားဖမ်းဆီး၊ ညှင်းပမ်းမှုတွေ ရှိနေတာကိုလည်း ပြောဆိုခဲ့တာပါ။ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာတော့ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေးဗီးယား ကိုယ်စားလှယ်က အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ပြဿနာတွေ ဖန်တီးနေတဲ့ တိုင်းပြည်အဖြစ် ပြောဆိုခဲ့ပါတယ်။
Sunni မူဆလင်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့ ရန်ဖက်ဖြစ်တဲ့ Shi’ite မူဆလင် အီရန်တို့ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာလည်း တဘက်စီကနေ ဝင်ကူနေကြတာပါ။ ဆီးရီးယားနိုင်ငံက ကိုယ်စားလှယ်ကတော့ အီရန်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံထားကြောင်း ဝေဖန်ခဲ့ပါတယ်။