နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကြာသပတေးနေ့က မိန့်ခွန်း ပြောကြားခဲ့တဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) က အမေရိကန် ပြည်ထောင်စု၊ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဒီနိုင်ငံတွေဟာ စစ်ပွဲတွေနဲ့ ရန်စနေသလို ကမ္ဘာတဝန်း စိတ်ဝမ်းကွဲပြားရေး ဖြစ်အောင် လုပ်ဆောင်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အထက်စီးဆန်တဲ့ အာဏာတွေကြောင့် ကမ္ဘာတလွှား စီးပွားရေးကပ် ဆိုက်ခဲ့ရသလို လူမှုရေး မညီမျှမှုတွေပါ ပေါ်ပေါက်လာခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။
အခုလို ပြောကြားနေတုန်းမှာပဲ အမေရိကန်နဲ့ ပြင်သစ် အပါအဝင် တခြား နိုင်ငံပေါင်း ၂ ဒါဇင်ကျော်ကျော်က ကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ခန်းမထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
မစ္စတာ အမာဒနီဂျက်ဒ်ဟာ အရင် ကုလသမဂ္ဂ ညီလာခံတွေမှာ သူပြောကြားခဲ့ဖူးသလိုပဲ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို အနောက်တိုင်း ဝင်ရိုးတန်း နိုင်ငံတွေရဲ့ အာဏာစက်အောက်ကနေ ရုန်းထွက်ပြီး အသစ်ပြန်လည် ဖွဲ့စည်းဖို့ပါ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက် အတိုက်ခိုက်ခံခဲ့ရတာကို အသုံးချပြီး အနောက်အင်အားကြီး နိုင်ငံတွေက အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကို ဝင်ရောက် တိုက်ခိုက်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။