အီရန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ယူရေနီယံသန့်စင်တဲ့ စက်ရုံတစ်ခုကို အခုလကုန်ပိုင်းကစပြီး မြေအောက်မှာ စတင်လည်ပတ်ဖို့ရှိတယ်လို့ ထိပ်တန်းအီရန် အရာရှိတစ်ယောက်က ပြောဆိုပါတယ်။ ဒီလိုလုပ်ရတာဟာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ နိုင်ငံတွေအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်နိုင်မှုကို အကာအကွယ် ပြုနိုင်အောင်ဖြစ်တယ်လို့ ပြောပါတယ်။
အီရန် နျူကလီးယား စွမ်းအင်အဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ဖါရီဒွန် အဘာဆီ (Fereidoun Abbasi) က အဲဒီ ယူရေနီယံသန့်စင်မှုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်ခင် စတင်ဖို့ရှိတယ်လို့ ပြောပါတယ်။ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယားစက်ရုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီကို ၂၀၀၉ ခုနှစ်မှာ တင်ပြခဲ့ပါတယ်။ ဒါဟာ ရှီဟိုက် မူစလင် ဘာသာရေးမြို့ ဖြစ်တဲ့ ကုံမ် မြို့အနီးက တောင်တစ်လုံးရဲ့ အောက်မှာ တည်ရှိတာပါ။
အီရန်ရဲ့ နျူကလီးယား သန့်စင်တဲ့ လုပ်ဆောင်မှုဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် ဦးတည် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက သံသယရှိနေကြပါတယ်။ အီရန်ကတော့ သူ့ရဲ့ အစီအစဉ်ဟာ လျှပ်စစ်ဓာတ်အားနဲ့ ဆေးဝါးသုတေသန လုပ်ငန်းတွေမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံတို့ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ရပ်တန့်သွားအောင်လုပ်ဖို့အတွက် စစ်အင်အား အသုံးပြုကောင်း ပြုနိုင်ပါတယ်။ နျူကလီယားပိုင်ဆိုင်တဲ့ အီရန်နိုင်ငံဟာ ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အစ္စရေးက ရှုမြင်ထားတာလည်း ဖြစ်ပါတယ်။
အီရန်အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့အဆင့် မရောက်သေးပါဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပန်နက်တ (Panetta) က ပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီး ပန်နက်တ က CBS ရုပ်သံဌာနနဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အီရန်အနေနဲ့ နောက်တဆင့် တိုးလာမယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ရပ်တန့်သွားအောင် လုပ်ပစ်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။