သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဖမ်းထားတဲ့ သင်္ဘောမှာ မြန်မာ ၁၃ ဦးပါဝင်


အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နေပြီး မကြာခင် ရက်ပိုင်းအတွင်းမှာဘဲ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အီရန်အစိုးရက ပြောဆိုလိုက်ပါတယ်။

အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောမှာ မြန်မာသင်္ဘောသား ၁၃ ဦးလည်း လိုက်ပါခဲ့တာမို့ မြန်မာသင်္ဘောသားတွေရဲ့ လွတ်မြောက်မှုနဲ့ လက်ရှိ အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပါရှန်ပင်လယ်ကွေ့ Hormuz ရေလက်ကြားမှာ အီရန်တို့ ဖမ်းဆီးလိုက်တဲ့ Marshall Island အလံတင် MV Maersk Tigris ကုန်တင်သင်္ဘောမှာ လိုက်ပါခဲ့ကြတဲ့ သင်္ဘောဝန်ထမ်း ၂၄ ဦးတို့ထဲမှာ မြန်မာသင်္ဘောသား ၁၃ ဦးတို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။ အခုတော့ မြန်မာသင်္ဘောသားတွေ အပါအဝင် သင်္ဘောဝန်ထမ်းတွေ လွတ်မြောက်ရေးအတွက် ကုမ္ပဏီတာဝန်ရှိသူတွေ အီရန်အစိုးရနဲ့ ညှိနှိုင်းနေပြီ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန သင်္ဘောသားဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

“ဒီဘက်က PNI တို့ အကုန်လုံး သူတို့ပြောပုံအရဆိုရင်တော့ သူတို့ဒီဘက်က ကုမ္ပဏီအနေနဲ့ အဲဒီဘက်မှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအားလုံး သူတို့သွားရောက်ဆွေးနွေးနေပါတယ်။ ကျနော်တို့ဆီက ကပ္ပတိန်ကြီးလည်း ၃၊ ၄ ရက်လောက်နေရင် ကိုယ်တိုင်သွားပြီးတော့ အဲဒီကို လိုက်သွားကြပါလိမ့်မယ်။ နောက် အခု ကျနော်သိသလောက်ကတော့ ဒီသင်္ဘောကို ဖမ်းထားတယ်ဆိုပေမဲ့ သင်္ဘောသားတွေအနေနဲ့ individual လွတ်လပ်ခွင့်ရပါတယ်။ သင်္ဘောသားတွေက သူတို့အိမ်တွေကို တယ်လီဖုန်းဆက်ခွင့်တို့၊ ဘာတို့ အဲဒါတွေတော့ ရတယ်လို့ ပြောပါတယ်။”

ဒါပေမဲ့ အီရန်အစိုးရနဲ့ သင်္ဘောကုမ္ပဏီတို့ရဲ့ တရားတဘောင်ကိစ္စ ဖြစ်တာကြောင့် အစိုးရနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့သဘောလည်း ရှိတယ်လို့လည်း ဦးတိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတယ်။ နောက် ဒီဥစ္စာကြီးက တကယ်တမ်းဆိုရင် ကျနော်တို့ဟို ဘယ်လိုပြောမလဲ ကျနော်တို့ဘက်ကတော့ သိပ်မဆိုင်ဘူးဗျ။ ဒီဥစ္စာက သူတို့ကုမ္ပဏီကို သူတို့အီရန်နိုင်ငံအနေနဲ့ သူတို့ ဟို ဘယ်လိုပြောမလဲ ပိုင်တဲ့သင်္ဘောကို ဆွဲတဲ့ဥစ္စာသည် ဒီသင်္ဘောသည် ချာတာအနေနဲ့ ဘာညာ သူတို့တကယ်တမ်း လေ့လာပြီးမှ လုပ်ရမှာဆိုတော့လေ။ သူတို့ဘက်က သူတို့ဆောင်ရွက်နေကြပါတယ်။”

အခု ဖမ်းဆီးခံရတဲ့ MC Maersk Tigris သင်္ဘောရဲ့ ပိုင်ရှင် Maersk သင်္ဘောလိုင်းက အီရန်အစိုးရကို ဒဏ်ကြေးပေးဆောင်ဖို့ ရှိတာကြောင့် အီရန်အစိုးရဘက်က ဖမ်းဆီးရတာ ဖြစ်တယ်လို့ အီရန်ဘက်က ပြောဆိုပြီး အခုလို ဖမ်းဆီးမှုဟာလည်း တရားဥပဒေအရ ဖြစ်တယ်လို့ ဒီကနေ့မှာပဲ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Marzieh Afkham ကတော့ အခုလို ပြောပါတယ်။

“Marshall Islands အလံတင်သင်္ဘောတစင်းကို Hormuz ရေလက်ကြားမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးလိုက်တာဟာ ဥပဒေကြောင်းအရ လုပ်ဆောင်တဲ့ကိစ္စဖြစ်ပြီး တရားရုံးရဲ့အမိန့်အရ သင်္ဘောကို ဖမ်းထားတာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောနဲ့ သင်္ဘောပိုင်ရှင်အပေါ် ပုဂ္ဂလိက တရားလိုတဦးက တရားစွဲထားတဲ့အပေါ် စေ့စပ်ညှိနှိုင်းတာတွေလုပ်နေပြီး နောက်နှစ်ရက်အတွင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း၊ သင်္ဘောအမှုထမ်း ၂၄ ယောက်ကို ဖမ်းမထားဘဲ လိုအပ်တယ်ဆိုရင် ကောင်စစ်ဆိုင်ရာ တွေ့ဆုံပြောဆိုတာတွေအတွက် ကန့်သတ်မထားဘူး” - လို့ အီရန်နိုင်ငံခြားရေး ပြောခွင့်ရက ပြောပါတယ်။

သင်္ဘောသား ၂၄ ယောက်ထဲမှာ မြန်မာ၊ ဗြိတန်၊ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားနိုင်ငံသားတွေ ပါဝင်ပါတယ်။ MV Maersk Tigris သင်္ဘောကို အီရန်တပ်ဖွဲ့တွေက ဧပြီလ ၂၈ ရက်နေ့မှာ သတိပေး ပစ်ခတ်ပြီးတဲ့နောက် သင်္ဘောပေါ်တက်ခဲ့တဲ့အတွက် အမေရိကန်ရေတပ်က အဲဒီနေရာကို ဖျက်သင်္ဘောတစင်းနဲ့ လေယာဉ်တစင်း လွှတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါရှားပင်လယ်ကွေ့ထိပ်က Hormuz ရေလက်ကြားကိုဖြတ်တဲ့ အမေရိကန် အလံတင်သင်္ဘောတွေကို အီရန်တို့ ကြားဖြတ် မနှောင့်ယှက်နိုင်ဖို့အတွက် အမေရိကန် ရေတပ်သင်္ဘောတွေ အတူလိုက်ပါ စောင့်ရှောက်ပေးနေပါတယ်။

XS
SM
MD
LG