အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့ အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine Ashton) တို့က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မစ္စကလင်တန် နဲ့ မစ္စအက်ရှ်တွန် တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံကြစဉ်မှာ အတူတကွ ပြောကြားလိုက်ကြတာ ဖြစ်ပါတယ်။ ရပ်ဆိုင်းထားခဲ့ရတဲ့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ရဲ့ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်လိုတယ်ဆိုတဲ့ အကြောင်း ဖော်ပြထားတဲ့ အီရန်ရဲ့ နျူးကလီးယားရေး စေ့စပ်ညှိနှိုင်းရေးမှူး Saeed Jalili ရဲ့ မကြာခင်က ပေးပို့တဲ့ စာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ က ဒီလိုဆွေးနွေးပွဲ ပြန်စကြရအောင် ဆိုပြီး မစ္စအက်ရှ်တွန် က ကမ်းလှမ်း ပေးပို့ခဲ့တဲ့ စာကို အခုမှ တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အီရန်ရဲ့ ဒီတုံ့ပြန်ချက်ဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်က ပြောကြားလိုက်ပါတယ်။ P 5 + 1 အမည်ရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် ငါးနိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဗြိတန်၊ ပြင်သစ်၊ ရုရှ၊ တရုတ်နဲ့ ဂျာမဏီ နိုင်ငံတို့ဟာ အရင်က အီရန်နိုင်ငံနဲ့ အီရန်ရဲ့နျူးကလီးယားအရေးကို ဆွေးနွေးခဲ့ကြရာကနေ ၂၀၀၉ ခုနှစ်မှာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တာပါ။ P 5 + 1 အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ကက်သရင်းအက်ရှ်တွန်က အီရန်ရဲ့ ဒီစာဟာ အီရန်အနေနဲ့ P 5 + 1 အဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အချက်ပြ လိုက်မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။