သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ Netanyahu အီရန် နျူကလီးယားအရေး ဆွေးနွေးမည်


အီရန် နျူကလီးယားအရေး အင်အားသုံးတာထက် သံတမန်ရေးနဲ့ ဖြေရှင်းဖို့ကိုသာ ပိုပြီးလိုလားတယ်လို့ အမေရိကန် သမ္မတအိုဘားမားက ပြောဆိုပြီး တစ်ရက်အကြာမှာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အီရန်အရေး ဒီကနေ့ ဆွေးနွေးဖို့ရှိပါတယ်။

အီရန် နျူကလီးယား အစီအစဉ်အပေါ် ကမ္ဘာတဝန်းက စိုးရိမ်မှုနဲ့အတူ အစ္စရေးက ကြိုတင်ပြင်ဆင် တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေ အလားအလာတွေ ရှိနေချိန်မှာ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မနေ့က တနင်္ဂနွေနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာ ကော်မတီ အစည်းအဝေးမှာ သမ္မတအိုဘားမားက အီရန် နျူကလီးယားအရေး အင်အားသုံးတာထက် သံတမန်ရေးနဲ့ ဖြေရှင်းဖို့ကိုသာ ပိုပြီးလိုလားတယ်လို ပြောဆိုလိုက်တာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အီရန်နိုင်ငံက နျူကလီးယား လက်နက် မထုတ်လုပ်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် အရှည်သဖြင့် ဖိအားတွေ တိုးပေးကြဖို့ အချိန်တန်ပြီလို့ ပြောဆိုလိုက်ပါတယ်။

အီရန်အပေါ် စစ်ရေးအရ အရေးယူရေးနဲ့ ပတ်သက်ပြီး ပြောနေသံတွေ အများကြီး ကြားနေရကြောင်း၊ ဒီလိုအပြောမျိုးတွေကြောင့် အီရန်က ရေနံဈေးတက်တဲ့ အကျိုးသာရှိပြီး၊ အဲဒီအကျိုးအမြတ်ကနေရတဲ့ ရန်ပုံငွေနဲ့ အီရန်က နျူကလီးယား အစီအစဉ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ထောက်ပြလိုက်ပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အီရန်အပေါ် အရေးယူရေး ဘက်ပေါင်းစုံက စဉ်းစားနေတာ သိရလ့ို သမ္မတအိုဘားမားရဲ့ ဒီမှတ်ချက်ကို လေးစားပါကြောင်း၊ ဘယ်လိုအန္တရာယ်မျိုးကိုမဆို အစ္စရေးနိုင်ငံ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG