သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ မိန့်ခွန်း အမေရိကန် သပိတ်မှောက်


အမေရိကန်နိုင်ငံအပေါ် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရတာအတွက် အမေရိကန် အစိုးရက တာဝန်ရှိတယ်လို့ ကမ္ဘာတဝန်းက လူအများစု ယုံကြည်နေတဲ့အကြောင်း ကုလသမဂ္ဂမှာ အီရန်သမ္မတ မာမွတ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) မိန့်ခွန်းပြောကြားပြီးနောက် အမေရိကန်နဲ့ တခြား အနောက်နိုင်ငံက ကိုယ်စားလှယ်တွေ ကုလသမဂ္ဂ စည်းဝေးခန်းမထဲက ထွက်သွားကြပါတယ်။

နယူးယောက်မြို့က World Trade Center မိုးမျှော် အဆောက်အဦးကြီး ၂ ခုနဲ့ ပင်တဂွန် စစ်ဌာနချုပ်အပေါ် အကြမ်းဖက် အဖွဲ့တခုက အသေခံ တိုက်ခိုက်တာလို့ အမေရိကန် အစိုးရအဖွဲ့ တာဝန်ရှိသူ အများစုကပဲ ယုံကြည်နေကြတယ် ဆိုတာကို မစ္စတာ အမာဒနီဂျက်ဒ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ကျဆင်းနေတဲ့ အမေရိကန် စီးပွားရေးအပေါ် အာရုံစိုက်ဖို့ လမ်းလွှဲတဲ့အနေနဲ့၊ တခါ ဇီယွန်ဝါဒီ အစိုးရလို့ သူပြောတဲ့ အစ္စရေးနိုင်ငံကို ကယ်တင်ဖို့အတွက် အမေရိကန် အစိုးရကပဲ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကို စီစဉ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း အီရန်သမ္မတက မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ဖို့ အမေရိကန်က ခရစ်ယာန် ဘာသာရေးအဖွဲ့တခု စီစဉ်တာနဲ့ ပတ်သက်လို့လည်း ဒါဟာ မိစ္ဆာဒိဋ္ဌိလုပ်ရပ် ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ကိုရမ်ကျမ်းစာအုပ်ကိုရော၊ ဘိုင်ဘယ်လ် သမ္မာကျမ်းစာအုပ်ကိုပါ ကိုင်ပြီးတော့ အီရန်ပြည်သူတွေဆိုရင် ဘာသာအယူ ၂ မျိုးစလုံး အပေါ်မှာ လေးစားမှု ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

အီရန်သမ္မတဟာ အီရန်ပြည်သူတွေရဲ့ ဆန္ဒ မျှော်လင့်ချက်တွေကို ကိုယ်စားပြု ပြောရမယ့်အစား အခြေအမြစ်မရှိတဲ့ လုပ်ကြံ အတွေးတွေနဲ့ ဂျူးမုန်းတီးရေးတွေကို ရွေးချယ် ပြောဆိုတယ်လို့ အီရန်သမ္မတ မိန့်ခွန်းပြောပြီး မကြာခင်မှာပဲ အမေရိကန်ဘက်က တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG