ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု ကြေညာ အတည်ပြုလိုက်ပြီး ကတည်းက နိုင်ငံတွေဟာ အီရန်လေယာဉ်တွေ သူတို့ဆီမှာ ၀င်ရောက်ဆီဖြည့်တာ လက်မခံ ငြင်းပယ်လိုက်ကြတယ်လို့ အီရန်နိုင်ငံ လေကြောင်း ထိပ်တန်းအာဏာပိုင်တဦးက ပြောပါတယ်။
ဗြိတိန်၊ ဂျာမဏီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဟာ အီရန်လေယာဉ်တွေကို ဆီဖြည့်ပေးဖို့ သူတို့ပိုင်နက်အတွင်းမှာ ခွင့်မပြုတော့ဘူးလို့ မာ့ဒီ အလီယာရီ (Mehdi Aliyari) ကို ကိုးကားပြီး အီရန်သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဗြိတိန်၊ ဂျာမဏီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက အာဏာပိုင်တွေကတော့ အခုလို အီရန်လေယာဉ်တွေကို ဆီမဖြည့်ဘူးဆိုတာ သူတို့မသိဘူးလို့ ပြောပါတယ်။ UAE ဘက်က ပြောတဲ့အထဲမှာတော့ ပုဂ္ဂလိက လုပ်ငန်းတခုကနေ အခုလို အီရန်လေယာဉ်တွေ ဆီဖြည့်ပေးဖို့ ငြင်းဆန်နေတာလို့ ပြောပါတယ်။
အီရန်နိုင်ငံရဲ့ စွမ်းအင်နဲ့ ဘဏ်လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုကို သမ္မတ အိုဘားမားက လက်မှတ်ထိုးပြီး ဥပဒေ အတည်ဖြစ်ကတည်းက အခုလို အငြင်းပယ်ခံရတာလို့ ပြောပါတယ်။
ဒါပေမဲ့လည်း အခုလို ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်အပေါ် စီးပွားရေး သက်ရောက်မှု ဘာမှမရှိဘူးလို့လည်း အီရန်ဘက်က ပြောနေပါတယ်။ အဇာဘိုင်ဂျန်ပြည်နယ်က သံမဏိစက်ရုံ ဖွင့်ပွဲတခု တနင်္လာနေ့ လုပ်ရာမှာတော့ အီရန်အပေါ် ပိတ်ဆို့အရေးယူတာတွေဟာ ဘာမှ မအောင်မြင်ဘူး ဆိုတာကို အီရန်ပြည်သူတွေက သက်သေပြလိမ့်မယ်လို့ အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျဒ် (Mahmoud Ahmadinejad) က ပြောပါတယ်။
အခု ပိတ်ဆို့အရေးယူမှုဟာ ဘာမှ အသစ်အဆန်း မဟုတ်ဘဲ အီရန် စွမ်းအင်လုပ်ငန်းကိုလည်း ဘာမှ ထိခိုက်မှာ မဟုတ်ဘူးလို့ အီရန် ရေနံဝန်ကြီး မာဆွတ်ဒ် မိုင်ယာ-ကာဇီမီ (Massoud Mir-Kazemi) က ပြောပါတယ်။