သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေး မူဘောင်တရပ်ချမှတ်ဖို့ ကြိုးပမ်းနေ


အီရန်ရဲ့ နျူကလီးယားအစီအစဉ်အတွက် မူဘောင်တခုချမှတ်ဖို့ အင်္ဂါနေ့ည သန်းခေါင်ယံအချိန်ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားတာမို့ ညှိနှိုင်းရေးမှူးတွေဟာ သဘောတူညီမှု ရနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ဟာ သဘောတူညီချက်အတွက် မူဘောင်ချနိုင်ဖို့ ၁၈ လကြာ ဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။

ညှိနှိုင်းရေးမှူးတွေဟာ အခု Switzerland နိုင်ငံ Lausanne မြို့မှာ ဆွေးနွေးနေကြတာဖြစ်ပြီး ဒီသဘောတူညီမှုအတွက် သတ်မှတ်ရမယ့်ကာလ၊ အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို ဘယ်လောက်မြန်မြန် ရုပ်သိမ်းပေးရမယ်ဆိုတာနဲ့ တကယ်လို့ အီရန်ဘက်က သဘောတူညီချက်ကို ချိုးဖောက်လာခဲ့ရင် ဘာလုပ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားမှုတွေကို အခုထိ သတိကြီးစွာနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး မျှော်လင့်ချက်တွေကလည်း အမျိုးမျိုး ဖြစ်နေကြတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ခက်ခဲတဲ့ ပြဿနာတချို့ ညှိနှိုင်းဖို့ ကျန်နေသေးတယ်လို့ ပြောသလို အီရန်ညှိနှိုင်းရေးမှူး Abbas Aragchi ကတော့ သဘောတူညီမှုကို အင်္ဂါဒါမှမဟုတ် ဗုဒ္ဓဟူးနေ့လောက်မှာ ရနိုင်မယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတွေကတော့ သတ်မှတ်ချိန်အတိုင်း မူဘောင်တခုကို အပြီးသတ် ချမှတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းပြောပါတယ်။

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ ဂျာမနီနိုင်ငံတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ သတ်မှတ်ရက်ကို တိုးပေးလေ့ရှိပါတယ်။ နျူကလီးယားအတွက် ကနဦး သဘောတူညီမှု ရခဲ့တဲ့ ၂၀၁၃ ခုနှစ်က စကြည့်မယ်ဆိုရင်တော့ သတ်မှတ်ရက်ကို တိုးပေးခဲ့တာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

XS
SM
MD
LG