သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နိုင်ငံကိစ္စ အီရန်နျူကလီးယား သဘောတူညီချက်ထဲ မပါဝင်


အီရန်နဲ့ နောက်ဆုံးပြုလုပ်မယ့် ဘယ်သဘောတူညီချက်မှာမဆို အစ္စရေးလ်နိုင်ငံ တည်ရှိမှုကို အီရန်ကလက်ခံကြောင်း ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ အစ္စရေးလ်ရဲ့ တောင်းဆိုချက်ကို အမေရိကန်သမ္မတ Barack Obama က ပယ်ချလိုက်ပါတယ်။

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြား အီရန်နျုကလီးယားအရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု မူဘောင်တခု ချမှတ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့က ပြင်းပြင်းထန်ထန် ဝေဖန်ပြီး အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မနေ့က NPR အမေရိကန်သတင်းဌာနရဲ့ မေးမြန်းခန်းမှာ သမ္မတ အိုဘားမားက အီရန်မှာ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်ရေး အခိုင်အမာ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီသဘောတူညီချက်ကို အစ္စရေးလ်နိုင်ငံ တည်ရှိမှု အီရန်ဘက်က လက်ခံမယ်ဆိုမှ လက်မှတ်ထိုးမယ်လို့ သတ်မှတ်လိုက်ရင် တနည်းပြောရရင် အီရန်က အာဏာရှင်တွေ သဘောထား လုံးဝ မပြောင်းမချင်း သဘောတူညီချက် မလုပ်နိုင်ပါဘူးလို့ဆိုတဲ့ ယတိပြတ်သဘော သက်ရောက်နေပါတယ်။

ဒါဆိုလုံးဝမှားယွင်းတဲ့ အဆုံးအဖြတ် ဖြစ်သွားပါလိမ့်မယ်။ အီရန်ကအာဏာရှင်တွေရဲ့ သဘောထား ပြောင်းလဲလာ မလာ မခန့်မှန်းနိုင်သေးတဲ့အတွက် အီရန်ကို နျူကလီးယားလက်နက် မပိုင်စေချင်တာသာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

တကယ်လို့ အီရန်ဟာ ဂျာမနီတို့ ဆွီဒင်တို့ ပြင်သစ်တို့လို ပြောင်းလဲလာရင်တော့ သူတို့ရဲ့ နျူကလီးယားနဲ့ဆိုင်တဲ့ အခြေခံ အဆောက်အအုံတွေအတွက် ပုံစံတမျိုးနဲ့ စဉ်းစားလာနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အစ္စရေးလ်ကတော့ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရခဲ့တဲ့ သဘောတူညီမှု မူဘောင်ဟာ အစ္စရေးလ်တည်ရှိမှုကို ခြိမ်းခြောက်နေတယ်လို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် အီရန်ကို ဗုံးလုပ်နိုင်ဖို့ လမ်းဖွင့်မပေးအောင် အမေရိကန် လွှတ်တော်အမတ်တွေကို ဖိအားပေး ပြောဆိုမယ်လို့လည်း မစ္စတာ Netanyahu က ပြောပါတယ်။

XS
SM
MD
LG