ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံအကြားရလိုက်တဲ့ နျူကလီးယားအရေး အခြေခံသဘောတူညီချက်ဟာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးပြီး နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေကနေ လျော့ပါး သက်သာစေ မယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောလိုက်ပါတယ်။
ဒီသဘောတူညီချက်ဟာ အီရန်အနေနဲ့ ကိုယ့်မြေပေါ်မှာ ယူရေနီယမ်သန့်စင်ပိုင်ခွင့် ရှိတယ်ဆိုတာကို လက်ခံလိုက်တာဖြစ်တယ် လို့ သောကြာနေ့က တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေပြောတဲ့ မိန့်ခွန်းထဲမှာ သမ္မတ Rouhani ကပြောသွားပါတယ်။ အီရန် အနေနဲ့ ငြိမ်းချမ်းရေးရည်ရွယ်ချက်တွေနဲ့ နျူကလီးယားကိစ္စကို ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
လူတွေရဲ့ ဘဝတွေနဲ့ စီးပွားရေး ရှေ့ဆက်သွားရမယ့် တချိန်ထဲမှာ ဗဟိုခွာစက်တွေကိုလည်း မောင်းနှင်ရမယ်လို့ အီရန်သမ္မတက ပြောပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ တိုင်းပြည်တခုခုကို ဆန့်ကျင်ဖို့လုပ်တာ မဟုတ်ဘူးလို့လဲ ပြောပါတယ်။
တဘက်က သူတို့ရဲ့ကတိတွေအတိုင်း လိုက်နာ လုပ်ဆောင်နေသမျှ အီရန်အနေနဲ့လဲ သဘောတူညီချက်ထဲမှာပေးထားတဲ့ ကတိ ကဝတ်တွေကို လိုက်နာ လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတက အခိုင်အမာပြောပါတယ်။
ကြာသပတေးနေ့ကရခဲ့တဲ့ အခြေခံသဘောတူညီချက်အရ အီရန် အနေနဲ့ နျူကလီးယား အစီအစဉ်ကို လျှော့ချရမှာဖြစ်ပြီး အပြန် အလှန် အားဖြင့် နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုတွေ ကို လျှော့ပေါ့ပေး မှာဖြစ်ပါတယ်။