သုံးရလွယ်ကူစေသည့် Link များ

နျူ ကလီယား သဘောတူညီချက် အီရန်ပြည်သူတွေ ဝမ်းမြောက်ကြိုဆို


နျူ ကလီယား သဘောတူညီချက် အီရန်ပြည်သူတွေ ဝမ်းမြောက်ကြိုဆို ။ (ဧပြီ ၂၊ ၂၀၁၅)

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်တွေ ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေး ယူမှုတွေ လျှော့ချပေးမယ့် အခြေခံ သဘောတူညီချက်တရပ် အီရန်အစိုးရနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ရယူနိုင်ခဲ့တဲ့အတွက် အီရန်ပြည်သူတွေ ၀မ်းမြောက်ပျော်ရွှင်နေကြပါတယ်။

သဘောတူညီမှုရယူအပြီး အီရန် နိုင်ငံခြားရေးဝန်ကြီး Javad Zarif သောကြာနေ့ တီဟီရန်ကို ပြန်လာချိန်မှာ ပျော်ရွှင်နေကြတဲ့ ထောက်ခံသူ လူအုပ်က သူ့ကို ကြိုဆိုခဲ့သလို၊ တချို့က မစ္စတာ ဇာရိ သက်တော်ရာကျော် ရှည်ပါစေ၊ သမ္မတ ရိုဟာနီ သက်တော်ရာကျော် ရှည်ပါစေ ဆိုတဲ့ ဆိုင်းဘုတ် စာသားတွေ ကိုင်ဆောင် ကြိုဆို ခဲ့ကြပါတယ်။

မနေ့က ကြာသပတေးနေ့မှာ သဘောတူညီချက် ရှိကြောင်း ကြေညာပြီးမှာပဲ တီဟီရန်မြို့မှာ ရာနဲ့ချီတဲ့ပြည်သူတွေ လမ်းမတွေပေါ်ထွက်၊ ကားဟွန်းတွေတီး၊ နိုင်ငံတော်အလံတွေ ဝှေ့ယမ်းပြီး အောင်ပွဲခံ ခဲ့ကြသလို၊ အီရန်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ ပစ်ပယ်ခံရမှုတွေ အဆုံးသတ်ပြီဆိုတဲ့ မျှော်လင့်ချက်သစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာ ၈ ရက်ကြား အပြင်းအထန် ဆွေးနွေးမှုတွေ အပြီး အခြေခံ သဘောတူညီချက် ချမှတ်နိုင်ခဲ့တာပါ။ နောက်ဆုံးအဆင့် သဘောတူညီချက်တွေကိုတော့ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ် ချမှတ်ရမှာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Barack Obama ကို ဆော်ဒီဘုရင် Salman က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုရာမှာ အီရန်နျူးကလီးယား အရေး နောက်ဆုံး သဘောတူညီချက်ရလျင်တော့ ဒါဟာ ကမ္ဘာကြီးနဲ့ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးတို့အတွက် ပိုအားကောင်း လာဖို့ မျှော်လင့်ကြောင်း ပြောဆို တယ်လို့ ဆော်ဒီ သတင်းဌာနက ဒီကနေ့မှာ ပြောပါတယ်။

အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေအပါအ၀င် ဒီအစဉ်အစဉ်ကို အယုံအကြည်မရှိသူတွေကတော့အမေရိကန်နဲ့ သူ့မဟာမိတ်တွေအနေနဲ့ အီရန်ရဲ့ သဘောဆန္ဒအတိုင်း လိုက်လျောမှုတွေ လုပ်တယ်ဆိုလျင် ဒါဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေး တာမျိုးဖြစ်လိမ့်မယ်ဆိုပြီး ပြောဆိုထားတာဖြစ်ပါတယ်။

XS
SM
MD
LG