သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပုသ်ထွက်ပြီးချိန် ဘဂ္ဂဒက်တိုက်ခိုက်မှု လူ ၉၀ ကျော် သေဆုံး


ဘဂ္ဂဒက်မြို့တော် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်နေရာ။ ဇူလိုင် ၃၊ ၂၀၁၆။
ဘဂ္ဂဒက်မြို့တော် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်နေရာ။ ဇူလိုင် ၃၊ ၂၀၁၆။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ဒီကနေ့အစောပိုင်း ဗုံးနှစ်လုံး တစ်နေရာစီ မှာ ပေါက်ကွဲတာကြောင့် လူ ၉၁ ယောက်ထက်မနည်း သေဆုံးပြီး ၁၈၆ ယောက် ဒဏ်ရာရသွားပါတယ်။ ဗုံးပေါက်ကွဲတဲ့ဖြစ်ရပ်တွေကို အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေပါတယ်။

ပထမပေါက်ကွဲမှုက ဘဂ္ဂဒက်မြို့တော်တွင်း လူစည်ကားရာ ဈေးရောင်း ဈေးဝယ် ဧရိယာမှာ ဒီကနေ့ အစောပိုင်း အသေခံ ကားဗုံးဖောက်ခွဲတာကြောင့် အနည်းဆုံး လူ ၈၂ဦး သေဆုံးပြီး ၁၃၀ ဒဏ်ရာ ရရှိသွားပါတယ်။ အီရတ်နိုင်ငံရဲ့မြို့တော်မှာ ဒီနှစ်အတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

Karrada ရပ်ကွက်ထဲက ပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အစ္စလာမ် အစွန်းရောက် IS အဖွဲ့က ပြောဆိုပြီး Shi’ites မူစလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောပါတယ်။ ဂျီဟဒ်အစွန်းရောက်အဖွဲ့က Shi’ites မူဆလင်တွေ ကို ဒိဋ္ဌိတွေလို့ ယူဆတာဖြစ်ပါတယ်။ နေဝင်ချိန် ဥပုသ်ထွက်ပြီးနောက် လမ်းမတွေပေါ်မှာ လူသွားလူလာ များနေချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ရာမာဒန် ဥပုသ်လ အဆုံးသတ်ခါနီးပြီဖြစ်တာမို့ မူစလင် အများအပြားဟာ ရာမာဒန် ဥပုသ်လကုန် အထိမ်းအမှတ် အားလပ်ရက်အကြို ဈေးဆိုင်တန်းတွေကို သွားရောက်ကြတာ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့တော် အရှေ့ပိုင်းမှာလည်း ဒုတိယပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူငါးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရပါတယ်။ ဒုတိယမြောက် ပေါက်ကွဲမှုကတော့ ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးပါဘူး။

အီရတ်နိုင်ငံက တိုက်ခိုက်ခံရတဲ့ ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် မှာ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသူတွေအတွက် ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်စ်က ဒီကနေ့ ဝတ်ပြု ဆုတောင်းပါ တယ်။ သေဆုံးဒဏ်ရာရခဲ့ သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သူတို့အတွက် အတူတကွ ဆုတောင်းပေးကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က စိန့်ပီတာစဘာ့ဂ်ရင်ပြင်မှာ သောင်းနဲ့ချီတဲ့ တရားပွဲလာပရိသတ်ကို မိန့်ကြားခဲ့ ပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ဗုံးပေါက်ကွဲရာနေရာကို အီရတ်ဝန်ကြီးချုပ် Haider al-Abadi သွားရောက်ပါတယ်။ ဘဂ္ဂဒက်မြို့တော်ရဲ့အနောက်ဘက် ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ဖလူဂျာမြို့က အစ္စလာမ်အစွန်းရောက် IS အဖွဲ့ကို အီရတ်တပ်ဖွဲ့တွေက တိုက်ထုတ်ခဲ့အပြီး သီတင်းတပတ်ကျော်လေးမှာ အခုတိုက်ခိုက်မှု ဖြစ်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG