သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်အရေး ဆွေးနွေးဖြေရှင်းဖို့ ဘန်ကီမွန်းတိုက်တွန်း


အီရတ်နိုင်ငံက မြို့ကြီးအတော်များများကို ဆူနီအစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်ထားပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေချိန်မှာပဲ အီရတ်အစိုးရအနေနဲ့ အဖွဲ့အစည်းအားလုံးအတွက် စဉ်းစားပြီး ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။


အီရတ်မြို့တော် ဘဂ္ဂဒက်ကို တိုက်ခိုက်ဖို့ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ISIL စစ်သွေးကြွတွေက ခြိမ်းခြောက်နေချိန်မှာပဲ မစ္စတာဘန်က ဂျနီဗာမှာ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။


တနင်္လာနေ့ ညပိုင်းမှာတော့ Baquba မြို့မှာ ရှိတဲ့ အကျဉ်းထောင်ကို စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် အကျဉ်းသား ၄၄ ယောက် ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။ ဒီအကျဉ်းသားတွေဟာ စစ်သွေးကြွတွေကြောင့် သေဆုံးတာလား၊ လုံခြုံရေးအစောင့်တွေကြောင့် သေဆုံးတာလား ကွဲကွဲပြားပြား မသိရသေးပေမဲ့ ခေါင်းနဲ့ ရင်ဘတ်တွေမှာ အနီးကပ် ပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေကို တွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။


အီရတ်နိုင်ငံကို တိုက်ခိုက်ရေးတပ်သားတွေ ထပ်ပြီး မစေလွှတ်ဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ထားပေမဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံး လုံခြုံရေးအတွက် စစ်ဘက်က တပ်သား ၂၇၅ ယောက် စေလွှတ်ဖို့ သမ္မတ အိုဘားမားက အမိန့်ပေးခဲ့ပါတယ်။


ဒါ့အပြင် အီရတ်နိုင်ငံ ပြန်လည် တည်ငြိမ်လာစေဖို့ တခြားနည်းလမ်းတွေကို သမ္မတက စဉ်းစားနေပြီး ဒီအထဲမှာ စစ်သွေးကြွတွေကို ဝေဟင်က တိုက်ခိုက်ဖို့ပါ ပါဝင်နိုင်ချေ ရှိပါတယ်။


အမေရိကန်အစိုးရဟာ အီရန်နဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း စဉ်းစားနေပါတယ်။ ဒါပေမဲ့ အီရတ်အရေး လုပ်ဆောင်ရာမှာ အီရန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တော့ မပါဘူးလို့ ပန်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
XS
SM
MD
LG