ဒီကနေ့ လန်ဒန်မြို့တော်က အီရတ်စစ်ပွဲဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရှေ့မှောက်မှာ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ (Tony Blair) လာရောက်ပြီးတော့ ကော်မရှင်က သူ့ကိုမေးတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပါတယ်။ သူ့ရဲ့ ထိပ်တန်းအစိုးရရှေ့နေက အီရတ်ကို စစ်ဆင်တိုက်ခိုက်တာ ဟာ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားနေပေမဲ့ မစ္စတာဘလဲက ၂၀၀၃ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ အီရတ်စစ်ပွဲမှာ ဗြိတိန်နိုင်ငံက ထောက်ခံအားပေးဖို့ သူကတိပြုခဲ့တယ်လို့ ကော်မရှင်ကို ပြောကြားခဲ့ပါတယ်။
အခုလို ဥပဒေကြောင်းအရ သူ့ကို အကြံပြုချက်ဟာ သူ့အတွက်တော့ ဘာမှ သိပ်အရေးမပါလှဘူးလို့ မစ္စတာဘလဲက ကော်မရှင်ကို ပြောကြားခဲ့ပါတယ်။ သူ့အတွက် တကယ်အရေးပါတဲ့ကိစ္စက အကြမ်းဘက်မှု တိုက်ဖျက်ရေး လုပ်ငန်းကြီးထဲမှာ အီရတ်စစ်ပွဲက တစိတ်တပိုင်းအဖြစ် ပါဝင်နေတဲ့ ကိစ္စ ဖြစ်တယ်၊ ဒီလုပ်ငန်းဟာ တနိုင်ငံတည်းက လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလို့ မစ္စတာဘလဲက ကော်မရှင်ကို ပြောပါတယ်။ အီရတ်က အာဏာရှင်ဟောင်း ဆဒ္ဒမ်ဟူစိန်ကို လက်နက်မဲ့ဖြစ်အောင် ဖြုတ်ချရေးမှာ ဗြိတိန်နိုင်ငံအနေနဲ့ လုပ်လို့ရသမျှ ဝင်ရောက်လုပ်ကိုင်ပေးဖို့ အမေရိကန်သမ္မတ ဂျော့ချ်၊ ဒဗလျူ ဘုရှ် (George W Bush) ကို သူ အခိုင်အမာ ကတိပြုခဲ့တယ်လို့လည်း မစ္စတာဘလဲက ဆိုပါတယ်။
မနှစ်က ဒီကော်မရှင်ရဲ့ရှေ့မှောက်မှာ မေးခွန်းတွေလာရောက်ဖြေဆိုခဲ့စဉ်ကလည်း အီရတ်စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ဗြိတိသျှတပ်တွေ စေလွှတ်ခဲ့တာအတွက် သူ ဘယ်တုန်းကမှ နောင်တရတာ မရှိဘူးလို့ ပြော ခဲ့ပါတယ်။ အီရတ်စစ်ပွဲကို ဦးတည်နေချိန်က အမေရိကန်သမ္မတဟောင်း ဂျော့ချ်၊ ဒဗလျူဘုရှ်နဲ့ မစ္စတာ ဘလဲတို့ကြားက လျှို့ဝှက် စာပေးစာယူ အကြောင်းအရာတွေကို မစ္စတာဘလဲကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က မေးမြန်းဖို့ရှိနေပါတယ်။ ဒီ လျှို့ဝှက်စာတွေကို မစ္စတာဘလဲ က အများပြည်သူတွေကို အသိ ပေးဖို့ လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မ်မရွန်း (David Cameron) က လူသိရှင်ကြား ဆော်သြနေပါတယ်။