သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်လွှတ်တော်ရွေးကောက်ပွဲကျင်းပ


အီရတ်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ခြိမ်းခြောက်မှုတွေကြားကပဲ အီရတ်ပြည်သူတွေ ဒီကနေ့ ရဲရဲဝံ့ဝံ့ မဲပေးနေကြပါတယ်။ လုံခြုံရေး တင်းတင်းကျပ်ကျပ် အောက်မှာ ကိုယ်စားလှယ်လောင်း ၉,၀၀၀ ထဲကနေ လွှတ်တော်နေရာ ၃၂၈ နေရာအတွက် ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ရဲဝန်ထမ်းတွေ အများအပြား ချထားတဲ့ ကြားကပဲ နိုင်ငံတဝှမ်း ရွေးကောက်ပွဲနဲ့ ဆက်စပ်နဲ့ အကြမ်းဖက်မှုတွင်း သေဆုံး ၁၁ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ တိုင်းပြည် မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ မဲရုံတွေ နဲ့ မဲပေးသူတွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ နဲ့ လမ်းဘေးထောင် ဗုံး တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အကြောင်း လုံခြုံရေး အရာရှိတွေက ပြေပါတယ်။

အကြမ်းဖက်မှုတွေကြားကပဲ အီရတ်လူမျိုး အများအပြား မဲပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ တချို့က အစိုးရသစ် အနေနဲ့ အနာဂတ် မျိုးဆက်တွေအတွက် အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး မဲပေးခဲ့ကြတာဖြစ်ပါတယ်။

တချို့ကတော့ တတိယအကြိမ် ပြန်လည် အရွေးခံဖို့ ကြိုးစားနေတဲ့ လက်ရှိ ဝန်ကြီးချုပ် Nouri al-Maliki ကို ထောက်ခံဖို့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မစ္စတာ Maliki ဒီကနေ့ Baghdad မြို့မှာ မဲပေးခဲ့သလို၊ အီရတ်ပြည်သူတွေ အများအပြားကိုလည်း မဲလာပေးကြဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။

"ဒီရွေးကောက်ပွဲမှာ အီရတ်ပြည်သူ အားလုံး မဲလာပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာ ပါဝင်ကြသူတွေ အနေနဲ့ ဒီရွေးကောက်ပွဲကို ကြပ်မတ် စောင့်ကြည့်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဝေဖန်ပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ မပါတဲ့သူတွေကတော့ ဒီအခွင့်အလမ်း ဆုံးရှုံးမှာပါ။ ပြည်သူတွေကို ဒီအခွင့်အရေး မဆုံးရှုံးစေချင်ပါဘူး။ လူတွေ အများကြီး မဲလာပေးကြစေချင်ပါတယ်။" - လို့ မစ္စတာ Maliki က ပြောသွားတာပါ။

ကုလသမဂ္ဂ နဲ့ ဒေသခံ အစိုးရ အရာရှိတွေပြောတဲ့ အချက်အလက်တွေအရ အီရတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သား ၇,၈၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒီနှစ် ပထမ သုံးလတွင်းမှာတင် သေဆုံးသူ ၂,၆၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG