အီရတ်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေကို သိမ်းပိုက်ထားတဲ့ အစ္စလာမ်နိုင်ငံတော်က စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ပြင်သစ်က Kurds တပ်ဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်လို့ ပြောပါတယ်။ အီရတ်အစိုးရနဲ့ ညှိနှိုင်းပြီး လက်နက်တွေကို နာရီပိုင်းအတွင်း ပို့ဆောင်ပေးမယ်လို့ ပြင်သစ်သမ္မတ Francois Hollande ရဲ့ရုံးက ပြောပါတယ်။
ဒီအပတ်အစောပိုင်းမှာ အီရတ်နိုင်ငံ Kurds ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ သမ္မတ Massoud Barzani က စစ်သွေးကြွတွေကိုတိုက်ဖို့ နိုင်ငံတကာ အကူအညီတွေ တောင်းခံခဲ့ပါတယ်။ အဲဒီနောက် အင်္ဂါနေ့မှာ ဥရောပသမဂ္ဂအနေနဲ့ လက်နက်တွေကို တပ်ဆင်ပေးဖို့ သဘောတူညီချက် မရခဲ့ပါဘူး။
ဒါပေမဲ့ နိုင်ငံတခုချင်းအနေနဲ့ အီရတ်နဲ့ ဘယ်လို ဆက်ဆံမလဲဆိုတာ သူတို့ကိုယ်ပိုင် ဆုံးဖြတ်နိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။ အီရတ်နိုင်ငံမြောက်ပိုင်းမှာ Sunni မူဆလင် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တောင်တန်းတခုပေါ်မှာ ပိတ်မိနေတဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် စစ်ဖက်အကြံပေး ၁၃၀ ကို အမေရိကန်ပြည်ထောင်စုကလည်း စေလွှတ်ထားပါတယ်။
တချိန်တည်းမှာပဲ သမ္မတ Fouad Massoum က Haider al-Abadi ကို ဝန်ကြီးချုပ်အဖြစ် ရွေးခဲ့တဲ့ ကိစ္စအပေါ် အီရတ်နိုင်ငံရဲ့ လက်ရှိ ဝန်ကြီးချုပ် Nouri al-Maliki က ဗဟိုတရားရုံးချုပ်က အမိန့် မချမချင်း သူ့အနေနဲ့ အာဏာကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့ကို အစားထိုးတဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေကို ချိုးဖောက်ပါတယ်လို့ မစ္စတာ Maliki က သူရဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။