သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူပုန်တွေကို လက်ဦးမှုယူဟု အီရတ်စစ်တပ်ပြောဆို


ရှီယာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေက အယ်ကိုင်းဒါးတွေကို နှိမ်နင်းရေး လက်နက်တွေ ကိုင်မြှောက်ကာ ကြွေးကြော်နေစဉ်။ (ဂျွန် ၁၅၊ ၂၀၁၄)
ရှီယာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေက အယ်ကိုင်းဒါးတွေကို နှိမ်နင်းရေး လက်နက်တွေ ကိုင်မြှောက်ကာ ကြွေးကြော်နေစဉ်။ (ဂျွန် ၁၅၊ ၂၀၁၄)
အီရတ်နိုင်ငံအတွင်းက မြို့တချို့ကို သိမ်းပိုက်ထားပြီး မြို့တော် ဘဂ္ဂဒက်ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဆူနီစစ်သွေးကြွတွေကို အီရတ်စစ်တပ်က တွန်းလှန်တိုက်ခိုက်နေတာမှာ ပဏာမ လက်ဦးမှု ရရှိနေပြီလို့ အီရတ်အစိုးရက ပြောပါတယ်။

အီရတ်တပ်ဖွဲ့အနေနဲ့ စနေနေ့ကစလို့ အကြမ်းဖက်သမား ၂၇၉ ဦးကို သုတ်သင်လိုက်ပြီလို့ ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ် Qassem Atta က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယားနယ်စပ်အနီးက အရေးပါတဲ့ Tal Afar မြို့အနီးမှာလည်း စစ်သွေးကြွတွေ အကြီးအကျယ် ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရဖက်က ပြောဆိုနေတဲ့ ကျဆုံးမှုအရေအတွက်ကိုတော့ သီးခြားအတည်ပြုဖို့ ခက်နေပါသေးတယ်။ ဒါပေမယ့် အီရတ်တပ်ဖွဲ့တွေနဲ့ ရှီယား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေပြီး အထူးသဖြင့်တော့ မြို့တော် ဘဂ္ဂဒက်ကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုင်းပြည်မြောက်ပိုင်းက မြို့တွေကို စစ်သွေးကြွတွေက ဝင်ရောက် သိမ်းပိုက်တဲ့အချိန်တုန်းက အစိုးရ တပ်ဖွဲ့ဝင်တွေဟာ သူတို့လက်နက်တွေနဲ့ မော်တော်ယာဉ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။

ဒီအတောအတွင်း Tikrit မြို့က လေတပ် စစ်သားစုဆောင်းရေးဌာနမှာ ရှီယား မူဆလင်ဘာသာဝင် ၁,၇၀၀ ကို သူတို့ သုတ်သင် ပစ်ခဲ့တယ်လို့ ပြောဆိုမှုဟာ ဆူနီမူဆလင် စစ်သွေးကြွတွေအနေနဲ့ သွေး ဘယ်လောက်ဆာနေတယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jan Psaki က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်သွေးကြွတွေအနေနဲ့ အီရတ်ပြည်သူတွေအကြား ကြောက်စိတ်ဝင်ပြီး လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း ဖြစ်ပေါ်အောင် တမင် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ကြေညာာချက်မှာ ဖော်ပြထားပါတယ်
XS
SM
MD
LG