သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Anbar ခရိုင် ပြန်သိမ်းပိုက်နိုင်ရေး အီရတ်ကြိုးပမ်း


အီရတ်နိုင်ငံအနောက်ပိုင်းမှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Ramadi မြို့နဲ့ Anbar ဒေသအတွင်းက မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်စတင်လိုက်ပြီလို့ အီရတ်အစိုးရက ပြောပါတယ်။

ဒေသတွင်းမြို့တော်ကို IS အဖွဲ့က သိမ်းပိုက်ပြီး သီတင်း ၂ ပတ် မပြည့်ခင်မှာ အဲဒီလို ထိုးစစ်ဆင် တိုက်ခိုက်မယ့်အကြောင်း အင်္ဂါနေ့က ကြေညာလိုက်တာပါ။ ဆူနီမူဆလင်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ဒီဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အစိုးရတပ်ဖွဲ့တွေနဲ့ အစိုးရလိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ Ramadi မြို့ရဲ့ အရှေ့ဘက်မှာ စုဝေးနေကြပါတယ်။

Ramadi မြို့ ပြန်လည်သိမ်းပိုက်ရေး၊ ရည်မှန်းချက် အောင်မြင်ရေး တပ်ဖွဲ့တွေကို ချထားတာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ထိထိရောက်ရောက် ချထားမှုရှိရဲ့လားဆိုတာကို သုံးသပ်ဖို့လိုကြောင်း အီရတ်အစိုးရက ထိုးစစ်ဆင်မယ့်အကြောင်း ကြေညာလိုက်ပြီး မကြာခင်မှာပဲ သမ္မတ Barack Obama က အိမ်ဖြူတော်မှာ ပြောကြားလိုက်ပါတယ်။

Ramadi မြို့ရဲ့ ဘက် ၃ ဘက်မှာ အစိုးရတပ်ဖွဲ့တွေ ရောက်နေကြတယ်လို့ ရှီယာစစ်သွေးကြွအဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။ မြို့အပြင်ပိုင်းကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ အနောက်ဘက်နဲ့ တောင်ဘက်ပိုင်းတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေကြောင်း Anbar ဒေသ အရာရှိတွေပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG