သုံးရလွယ်ကူစေသည့် Link များ

အီရတ်အစိုးရသစ်ကတိ John Kerry ကြိုဆို

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ကို တိုးပြီးတိုက်မယ့်အစီအစဉ် ဒီည ကြေညာဖို့ရှိနေစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေးအတွက် အီရတ်ဝန်ကြီးချုပ်သစ်က ခိုင်ခိုင်မာမာ သန္ဓိဌာန်ချထားလိုက်တာကို ကျေနပ်အားရမိတယ်လို့ ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသကို တပတ်ကြာခရီးရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Kerry ဟာ ဒီနေ့ အီရတ်နိုင်ငံကို ရောက်ခဲ့ပြီး အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ကို တိုက်ခိုက်တာမှာ ကူညီဆောင်ရွက်ရေး အစီအစဉ်အတွက် အီရတ်ဝန်ကြီးချုပ်သစ်နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလို ပြောခဲ့တာပါ။

အရင် အီရတ်အစိုးရဟောင်းအနေနဲ့ ဆူနီလူနည်းစု မူဆလင်တွေကို ခွဲခြားဆက်ဆံခဲ့တာကြောင့် အစွန်းရောက် လှုပ်ရှားမှုတွေ ပြင်းထန်သွားရတာဖြစ်တယ်လို့ ၀န်ကြီး Kerry က ဝေဖန်ခဲ့ပြီး၊ လက်ရှိ အစိုးရအနေနဲ့တော့ အရင်အတိုင်း လုပ်မှာမဟုတ်ဘဲ တနိုင်ငံလုံး ညီညွတ်ရေးရလာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူ ယုံကြည်ထားကြောင်း ၀န်ကြီး Kerry က ဆက်ပြောခဲ့ပါတယ်။

ဝန်ကြီး Kerry ရဲ့ ဒီခရီးစဉ် ထွက်နေစဉ်မှာ အီရတ်နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုနဲ့ ဒီအဖွဲ့ကို ချေမှုန်းရာမှာ လေကြောင်းတိုးချဲ့တိုက်ခိုက်ရေး အစီအစဉ်တွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ဒီနေ့ညမှာ နိုင်ငံကို ရုပ်မြင်သံကြားကနေတဆင့် ပြောဆိုဖို့ ရှိနေပါတယ်။

အမေရိကန်သမ္မတ ပြောရေးဆိုခွင့်ရှိသူ Josh Earnest က

“ဒီကိစ္စဟာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ထိပ်တန်းဦးစားပေးကိစ္စ တရပ်လို့ သမ္မတက ယုံကြည်တယ်။ ဒီလို ဦးစားပေး ကိစ္စမျိုးပေါ်လာတဲ့အခါ အခုချိန်ထိ ဘယ်လို တိုးတက်မှုမျိုးတွေ ရှိနေတယ်ဆိုတာကို အမေရိကန်လူထုကို နားလည်အောင် ချပြဖို့ အရေးကြီးတယ်လို့ သမ္မတက ယုံကြည်တယ်။ အခုလို အဓိကကျတဲ့ အလှည့်အပြောင်း အခြေအနေတခုအကြောင်း အမေရိကန်လူထုကို အသိပေးဖို့ အရေး ကြီးတယ်လို့လည်း သမ္မတက ယုံကြည်တယ်။ အားလုံးပါဝင်တဲ့ အီရတ်အစိုးရတရပ် ဖွဲ့စည်းတာဟာ အဓိကျတဲ့ အလှည့်အပြောင်းပါပဲ” - လို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

အီရတ်နဲ့ ဆီးရီးယား နယ်မြေတွေထဲမှာရှိနေတဲ့ အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ကို ချေမှုန်းရာမှာ အမေရိကန် စစ်ရေး အကူအညီပါမှာဖြစ်ပြီး၊ မြေပြင်မှာတိုက်နေတဲ့ အီရတ်အစိုးရတပ်တွေနဲ့ ဆီးရီးယား အတိုက်အခံအဖွဲ့တွေကို လေကြောင်းကနေ ကူညီတိုက်ခိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရတ်နိုင်ငံ စစ်မြေပြင်ကိုတော့ အမေရိကန်တပ်ဖွဲ့တွေ ပြန်မပို့ဘူးဆိုတာကို သမ္မတ အိုဘားမားက အရင်ကတည်းက ပြောထားပြီးသား ဖြစ်ပါတယ်။

XS
SM
MD
LG