သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kirkuk အနီး အရေးပါတဲ့နေရာတွေကို အီရတ်တပ်တွေ သိမ်းယူ


အီရတ်နိုင်ငံတွင်း အငြင်းပွားနယ်မြေ Kirkuk မြို့ မြောက်ဘက်က အရေးပါတဲ့ လေတပ်အခြေစိုက် စခန်းတခု၊ လေဆိပ်တခု၊ ရေနံ ကုမ္ပဏီ တခုနဲ့ မြို့ပတ်ဝန်းကျင် တဝိုက်ကို သိမ်းယူလိုက်ကြောင်း အီရတ် စစ်တပ်က ပြောပါတယ်။

အစိုးရလိုလားတဲ့ တိုက်ခိုက်ရေး သမားတွေအတွက် Kirkuk မှာ လုံခြုံရေး ရယူဖို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ပြောဆိုပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက K1 လေတပ်အခြေစိုက် စခန်းကို ကာဒ့် တိုက်ခိုက်ရေးသမားတွေထံကနေ ဒီကနေ့ တနလာၤနေ့မှာ သိမ်းပိုက်တာ ဖြစ်ပါတယ်။ အီရတ် ဝန်ကြီးချုပ်က နိုင်ငံကို ပြောတဲ့ အမှာစကားမှာလည်း အီရတ် နိုင်ငံ အကွဲကွဲအပြားပြား ဖြစ်သွားစေနိုင်တယ်လို့ ရည်ညွှန်းပြောဆိုထားတဲ့ ကာဒ့် လွတ်လပ်ရေး လူထုဆန္ဒ ခံယူမှုနဲ့ ဆက်စပ်ပြီး သူ့အနေနဲ့ ဆောင်ရွက်ရမယ့် တာဝန်ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

Kirkuk ပြည်နယ်တွင်း နေရာအများအပြားကို အစိုးရတပ်တွေက ညတွင်းချင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံက ကြေညာသွားပါတယ်။ ဒီပြောဆိုချက်ကို ကာဒ့်တာဝန်ရှိသူတွေက ငြင်းပါတယ်။ ဒါပေမယ့်လို့ Kirkuk မြို့ထဲကို ဝင်ရောက်ပြီး လေတပ်အခြေစိုက် စခန်းနဲ့ ရေနံလုပ်ကွက်တွေကို သိမ်းယူတယ်လို့ ဆိုလိုတဲ့ အဘက်ဘက်ကနေ စစ်ဆင်တဲ့ တိုက်ပွဲကြီးကို အီရတ် လုံခြုံရေး တပ်တွေက ပြည်သူ့စစ်တွေ အကူအညီနဲ့ တိုက်ခိုက်ခဲ့တယ်လို့တော့ ကာဒ့် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

Kirkuk မြို့ကနေ အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို မောင်းထုတ်ပြီးချိန်ကတည်းက ကာဒ့်လက်နက်ကိုင်တပ်တွေက မြို့ကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပြီး ရေနံ လုပ်ကွက်တွေ အပါအဝင် ထိန်းချုပ်ဧရိယာ တဝိုက်ကို ဘယ်သူ ထိန်းချုပ်သင့်သလဲ ဆိုတဲ့ အပေါ်မှာ ဗဟိုအစိုးရနဲ့ မပြေမလည်ဖြစ်နေခဲ့တာကတော့ ကြာပါပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ သတင်းသုံးပတ်က ကာဒ့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲမှာ တခဲနက် ထောက်ခံမဲ ရရှိပြီးနောက်မှာ တင်းမာမှုတွေ ထပ်ပြီး တိုးလာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG