သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ


 ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။
ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။

ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွားကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ဝင်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။

စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။

ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို့ တူရကီအစိုးရက ပြောထားပါတယ်။

ကာဒစ္စတန်အလုပ်သမားပါတီဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် တူရကီအစိုးရနဲ့ တိုက်ခိုက်နေတာ ဆယ်စုနှစ် သုံးခုရှိနေပါပြီ။ ကိုဘာနီမြို့ကိုတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်စစ်လေယာဉ်တွေကလည်း သီတင်းပတ် အတော်ကြာ လေကြောင်းကနေ တိုက်ခိုက်ပေးထားပါတယ်။

XS
SM
MD
LG