သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဒုတိယအကြီးဆုံးမြို့ စစ်သွေးကြွတွေသိမ်းပိုက်


အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို ဆူနီမူဆလင် အစွန်းရောက် စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှီယာမူဆလင်တွေဦးဆောင်တဲ့ အီရတ်အစိုးရအတွက် မထင်မှတ်ဘဲ အငိုက်မိသွားစေခဲ့ပါတယ်။

အီရန်နိုင်ငံဟာ ခက်ခဲတဲ့ အခြေအနေတခုမှာ ကျရောက်နေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပြီး၊ အရေးပေါ်အခြေအနေ ကြေညာနိုင်ဖို့ အရေးပေါ် လွှတ်တော် ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Baghdad မြို့တော်ရဲ့ မြောက်ဘက် မိုင် ၂၀၀ ကျော် ဝေးတဲ့နေရာမှာ တည်ရှိတဲ့ Mosul မြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ အီရတ်လုံခြုံရေး လုံးဝ ပျက်ပြားသွားပြီလို့ အီရတ်စစ်တပ် တပ်မှူးကြီးတယောက်က ဖော်ပြပြောဆိုခဲ့ ပါတယ်။

Mosul မြို့ဟာ စစ်သွေးကြွတွေရဲ့ လက်ထဲမှာရောက်နေပြီလို့ အီရတ်အစိုးရ တာဝန်ရှိသူ တယောက်ကလည်း ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အီရတ်စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်တပ်စခန်းချထားတဲ့ နေရာတွေအပြင် Mosul လေဆိပ်ကိုလည်း အကြမ်းဖက်သမားတွေက သိမ်းပိုက်လိုက်တယ်လို့ အီရတ်လွှတ်တော်ဥက္ကဌ Osama al-Nujaifi ကလည်း ပြောပါတယ်။

RPG လက်နက်ကြီးတွေ လေယာဉ်ပစ် လက်နက်တွေနဲ့ တိုက်ခိုက်သူတွေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုတ်လာတဲ့ အီရတ်စစ်သားတွေက ရန်သူ့လက်ထဲ မရောက်အောင် လက်နက်တိုက်တွေကို မီးရှို့ခဲ့ကြပါတယ်။

al-Qaida အဖွဲ့ခွဲတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ထိန်းနိုင်အောင် ကြိုးစားနေရတဲ့ အီရတ်အစိုးရအတွက် အခု Mosul မြို့ တိုက်ခိုက် သိမ်းပိုက်ခံရတာဟာ အထိနာမှုကြီးတခု ဖြစ်ပါတယ်။
XS
SM
MD
LG