သုံးရလွယ်ကူစေသည့် Link များ

အီရတ်နိုင်ငံ မြောက်ပိုင်း မိုးဆူးလ်မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်ဖို့အတွက် အီရတ်အစိုးရတပ်ဖွဲ့တွေဟာ အချိန်အတော်ကြာ ပြင်ဆင်လာခဲ့တဲ့ မြေပြင် ထိုးစစ်ဆင်မှုတွေ စတင်နေတာနဲ့အမျှ ကနဦးအဆင့် အောင်မြင်မှုတွေ ရနေတဲ့အကြောင်း ကာ့ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီကစလို့ IS စစ်သွေးကြွတွေလက်ထဲက စတုရန်း ကီလိုမီတာ ၂၀၀ လောက်ကို ပြန်လည် သိမ်းပိုက်ထားနိုင်ပြီလို့ ကာ့ သမ္မတ Masoud Barzani က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ Aleppo မြို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုး မဖြစ်ရလေအောင် သူတို့ တပ်ဖွဲ့တွေ အကောင်းဆုံး ကြိုးစားနေတယ်လို့လည်း ဆိုပြီး မိုဆူးလ်မြို့ လွတ်မြောက်ရစေမယ်လို့ Barzani က ပြောပါတယ်။

အခု စစ်ဆင်မှုဟာ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့တွေ အီရတ်ကနေ ထွက်ခွာခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစလို့ အကြီးမားဆုံး စစ်ဆင်မှု ဖြစ်သလို၊ ဒေသတွင်းက အရပ်သား ထောင်ပေါင်းများစွာရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေတွေ တိုးလာနေပါတယ်။

အခု စစ်ဆင်ရေးမှာ ကာ့ဒ် လက်နက်ကိုင်အဖွဲ့တွေ၊ ဖက်ဒရယ်အစိုးရ ရဲတပ်ဖွဲ့တွေ၊ ဆူနီ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ၊ Shi’ite ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေအပြင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ IS စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ကူညီတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

အမေရိကန် အစိုးရ အရာရှိတွေကတော့ IS ချေမှုန်းရေး လှုပ်ရှားမှုမှာ အခုစစ်ဆင်ရေးဟာ အရေးပါတဲ့အကြောင်းနဲ့ မိုဆူးလ်မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ သီတင်းပတ် တွေနဲ့ချီ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာမြင့်နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG