သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဆူးမြို့ သိမ်းပိုက်မှု ရာသီဥတုကြောင့် အခက်အခဲတွေ့


အီရတ်နိုင်ငံ မိုဆူးမြို့ကို သိမ်းပိုက်ထားတဲ့ IS စစ်သွေးကြွတွေကို ထိုးစစ်ဆင်နေတဲ့ အီရတ်အထူးတပ်ဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့က ရာသီဥတုဆိုးရွားမှုကြောင့် ရှေ့မတိုးနိုင် ဖြစ်နေချိန်မှာပဲ - မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာနေတာနဲ့အမျှ အရပ်သားတွေအတွက် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ အကူအညီ ပေးရေး အေဂျင်စီတခုက သတိပေးလိုက်ပါတယ်။

အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားနေရကြောင်းနဲ့ ဒေသခံအရပ်သား ၁၂ သိန်းရဲ့ဘဝတွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် အန္တရာယ်နဲ့ကြုံနေရပြီး၊ အီရတ်နိုင်ငံတခုလုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အခြေအနေမှာ ရောက်နေပြီလို့ နော်ဝေဒုက္ခသည် ကောင်စီ အကြီးအကဲ Wolfgang Gressmann က ပြောဆိုခဲ့ပါတယ်။

ထောင်ပေါင်းများစွာသောအရပ်သားတွေဟာလည်း မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြသလို၊ တော်တော်များများဟာလည်း ချောင်းမြောင်း ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ကြရတယ်လို့လည်း နော်ဝေဒုက္ခသည်ကောင်စီက ပြောဆိုခဲ့တာပါ။ မိုဆူးမြို့မှာ ကျန်နေသေးသူတွေ အနေနဲ့လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေဆဲဖြစ်ပြီး၊ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အထောက်အပံ့ ပစ္စည်းတွေနဲ့ တခြား လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖို့ ခက်ခဲလာတဲ့အခါ - ပြတ်လပ်မှုတွေဟာ ပိုဆိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

IS စစ်သွေးကြွတွေ ၂ နှစ်ကျော်ကြာသိမ်းယူထားတဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးမြို့ကို ပြန်သိမ်းဖို့ စစ်ဆင်ရေး စတင်ခဲ့ပြီး ၂ ပတ်အကြာ အင်္ဂါနေ့မှာတော့ - အီရတ်အထူးတပ်ဖွဲ့တွေဟာ မြို့ဆင်ခြေဖုံးရပ်ကွက်တွေအထိ ရောက်လာခဲ့ကြတာပါ။

ဒါဟာ တကယ့်ကိုအရေးကြီးတဲ့ မှတ်ကျောက်တခုဖြစ်ပေမဲ့ - လုပ်ဆောင်စရာတွေလည်း အများကြီး ရှိနေဆဲ ဖြစ်ကြောင်းလည်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး Jeff Davis က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG