ပြီးခဲ့တဲ့ ဇွန်လက အီရတ်လွှတ်တော် အစည်းအဝေးတွေကို ရွှေ့ဆိုင်းပြီး လွှတ်တော်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေး အခုချိန်ထိ မကျင်းပနိုင်သေးတာအတွက် အီရတ် တရားရုံးချုပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး အစိုးရသစ်တရပ် အမြန်ဖွဲ့စည်းရေး အမိန့်ချမှတ်လိုက်ပါတယ်။
အီရတ်နိုင်ငံက နိုင်ငံရေးသမားတွေ ရှေ့မတိုး နောက်မဆုတ်နဲ့ မညီမညွတ် ဖြစ်နေကြတာကို ရပ်ဆိုင်းပြီး အစိုးရသစ်တရပ် ဖွဲ့စည်းရေးကို ရှေးရှု လုပ်ဆောင်ကြဖို့ အီရတ် တရားရုံးချုပ်က ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ အီရတ် ရွေးကောက်ပွဲ ပြီးသွားကတည်းက အခုချိန်ထိ အီရတ်မှာ ရေရာတဲ့ အစိုးရတရပ် မဖွဲ့နိုင်သေးပါဘူး။
ဆွန်နီ မွတ်ဆလင်တွေ ကျောထောက်နောက်ခံ ပေးထားပြီး ၀န်ကြီးချုပ်ဟောင်း အိုင်ယပ် အာလာဝီ (Iyad Allawi) ဦးဆောင်တဲ့ အီရတ်ကီးယား မဟာမိတ် ညွန့်ပေါင်းအဖွဲ့က လက်ရှိ ရှီယာ ၀န်ကြီးချုပ် နူရီ အယ်လ် မာလီကီ (Nouri al Maliki) ဦးဆောင်တဲ့ နိုင်ငံတော် ဥပဒေ ပြန်လည်စိုးမိုးရေး ပါတီကို အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်အရေအတွက် မရရှိတာကြောင့် အီရတ်ကီးယား ညွန့်ပေါင်းအဖွဲ့လည်း အစိုးရ မဖွဲ့နိုင်ခဲ့ပါဘူး။
အဲဒီအချိန်ကစပြီး နှစ်ဘက်စလုံးက ကျန်တဲ့ပါတီက အမတ်တွေ၊ တသီးပုဂ္ဂလ အမတ်တွေကို သူတို့နဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့ စည်းရုံး လှုပ်ရှားခဲ့ကြပေမဲ့ နှစ်ဘက်စလုံး မအောင်မြင်ခဲ့ကြပါဘူး။
အီရတ်စစ်ပွဲဆိုင်ရာ အမေရိကန်စစ်ဘက် စာရွက်စာတမ်းတွေကို Wikileaks ၀က်ဘ်ဆိုက်ကနေ တရားမ၀င် ပေါက်ကြားမှု ဖြစ်စေခဲ့တယ်ဆိုတဲ့ ကိစ္စဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ ပြန်ပြီး အရွေးမခံရအောင် လုပ်ကြံကြိုးပမ်းမှု ဖြစ်တယ်လို့ ၀န်ကြီးချုပ် နူရီ အယ်လ် မာလီကီက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။