နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရတ် ဝန်ကြီးချုပ် Nouri al-Maliki က သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် အကြောင်းနဲ့ သူ့နေရာမှာ အစားထိုးဖို့ ရွေးချယ်ထားတဲ့သူကို ထောက်ပံ့ပေးသွားမယ့် အကြောင်း ပြောကြား လိုက်ပါတယ်။
ရာထူးက ဆင်းပေးဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ အကြီးအကျယ် ခံနေရတဲ့ မစ္စတာ မာလီကီးက သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့ နှောင်းပိုင်းက တနိုင်ငံလုံးကို ရုပ်မြင်သံကြားက တဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့နေရာကို အစားထိုးဖို့ ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်လောင်း Haider al-Abadi ကို ပံ့ပိုးပေးသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ ပါတယ်။
အီရတ်နိုင်ငံရဲ့ သမ္မတသစ် Fouad Massoum က မစ္စတာ Abadi ကို တနင်္လာနေ့မှာ ဝန်ကြီးချုပ်အဖြစ် အဆိုပြုလိုက်တာ ဖြစ်ပါတယ်။
ရှီယား မူဆလင် ဘာသာဝင် မစ္စတာ မာလီကီး အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ တဖြည်းဖြည်း ကျဆင်းလာတာနဲ့ ရင်ဆိုင်နေရပြီး သူ့အနေနဲ့ အီရတ်နိုင်ငံအတွင်းက လူမျိုး ဘာသာမတူတဲ့ ဆူနီး၊ ရှီယားနဲ့ ကဒ်လူမျိုးစုတွေ အကြား ညီညွတ်ရေးရအောင် မဆောင်ရွက်နိုင်ဘူးဆိုပြီး ပြောဆို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
မစ္စတာ မာလီကီးအနေနဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ Abadi ကို ပံ့ပိုးပေးသွားမယ့်အကြောင်း ပြောကြားလိုက်တာဟာ အီရတ်နိုင်ငံမှာ ညီညွတ်ရေးရှိဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့ နှောင်းပိုင်း မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မစ္စတာ မာလီကီးရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက ထောက်ခံကြောင်းလည်း အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Susan Rice က ပြောကြားလိုက်ပါတယ်။