သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမာဒီမြို့ကို အီရတ်ဝန်ကြီးချုပ်သွားရောက်


အီရတ်နိုင်ငံအနောက်ပိုင်း အချက်အခြာကျတဲ့ ရာမာဒီမြို့က အစိုးရရုံးဝင်းကို အီရတ်တပ်ဖွဲ့တွေ ပြန်လည်သိမ်းယူခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ် Haider al-Abadi ဟာ အင်္ဂါနေ့က အဲဒီမြို့ကို သွားရောက်ခဲ့ပါတယ်။

ရာမာဒီမြို့ကို ဝန်ကြီးချုပ် အဘာဒီ ရောက်သွားတဲ့အကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြခဲ့ပေမဲ့ အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ်ဟာ လုံခြုံရေးနဲ့ ပြည်နယ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက အေပီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ ရာမာဒီမြို့မှာ ကျန်နေသေးတဲ့ IS စစ်သွေးကြွတွေကို အီရတ်တပ်ဖွဲ့တွေ ရှင်းလင်းခဲ့ကြပြီး၊ မြို့ပြင်က နေရာတချို့မှာ ကြိုကြား တိုက်ခိုက်တချို့ ဖြစ်ခဲ့သလို - လမ်းမတွေနဲ့ အဆောက်အဦးတွေမှာ ထောင်ထားတဲ့ ဗုံးတွေကိုလည်း ဖယ်ရှားခဲ့ကြပါတယ်။

မေလက IS စစ်သွေးကြွအဖွဲ့ လက်ထဲ ရာမာဒီမြို့ လက်လွတ်ဆုံးရှုံးခဲ့တဲ့အတွက် - စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေရတဲ့ ဝန်ကြီးချုပ် အဘာဒီ အစိုးရနဲ့ အီရတ်စစ်တပ်အတွက် ကြီးမားတဲ့ အထိနာမှု ဖြစ်ခဲ့ရတာပါ။

ဒါပေမဲ့လည်း တနင်္လာနေ့မှာ ရာမာဒီမြို့ကို အီရတ်တပ်ဖွဲ့တွေ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး နောက်မှာတော့ - လာမယ့် ၂၀၁၆ ခုနှစ်ကျရင် အီရတ်နယ်မြေပိုင်နက်ထဲကနေ IS စစ်သွေးကြွတွေကို အပြီးပိုင် တိုက်ထုတ်နိုင်မယ်လို့ ဝန်ကြီးချုပ် အဘာဒီက အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG